ရုရှားကို လက်နက်များရောင်းချမည်မဟုတ်ကြောင်း တရုတ်သမ္မတရှီက ၎င်းအားပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား

ရုရှားကို လက်နက်များရောင်းချမည်မဟုတ်ကြောင်း တရုတ်သမ္မတရှီက ၎င်းအားပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား
ဇွန် ၁၃ ရက်က အီတလီနိုင်ငံတွင်ပြုလုပ်သည့် ဂျီ ၇ ညီလာခံတွင် အမေရိကန်သမ္မတဘိုင်ဒင်နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် စကားပြောနေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ် (Photo:AFP)
ဇွန် ၁၃ ရက်က အီတလီနိုင်ငံတွင်ပြုလုပ်သည့် ဂျီ ၇ ညီလာခံတွင် အမေရိကန်သမ္မတဘိုင်ဒင်နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် စကားပြောနေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ် (Photo:AFP)
Published 15 June 2024

တရုတ်သည် ရုရှားကို လက်နက်များ ရောင်းချလိမ့်မည်မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က မိမိအား ဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း ပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ဇယ်လန်စကီးသည် အီတလီတွင်ပြုလုပ်သည့် စက်မှုထိပ်သီးခုနစ်နိုင်ငံ (ဂျီ ၇) အစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဇယ်လန်စကီးက ရှီနှင့် မည်သည့်အချိန်တွင် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

“ကျွန်တော်ဟာ တရုတ်ခေါင်းဆောင်နဲ့ သေသေချာချာစကားပြောခဲ့ပါတယ်။ သူက ရုရှားကို ဘာလက်နက်မှ ရောင်းမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။  သူက ကျွန်တော့်ကို အဲဒီလိုပြောခဲ့တာကြောင့် သူဟာ လေးစား အပ်တဲ့ ပုဂ္ဂိုလ် ဟုတ်၊ မဟုတ်ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ဇယ်လန်စကီး၏ ပြောကြားမှုကို  ဘိုင်ဒင်က ကြားဖြတ်ပြီးပြောကြားခဲ့ရာတွင် “စကားမစပ် ပြောရမယ်ဆိုရင် တရုတ်ကလက်နက်တွေ ထောက်ပံ့နေတာမျိုးမရှိပါဘူး။ ဒါပေမယ့် အဲဒီလက်နက်တွေကို ထုတ်လုပ်နိုင်စွမ်းရှိပြီး အဲဒီလိုလုပ်နိုင်တဲ့ နည်းပညာရှိနေတာက ရုရှားကို အထောက်အကူ ဖြစ်စေပါတယ်”ဟု ပြောကြားခဲ့သည်။

ဇယ်လန်စကီးကမူ ယူကရိန်းနှင့် တရုတ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တူညီသည့် အမြင်များရှိခဲ့မည် ဆိုပါက ၎င်းတို့အကြား ဆွေးနွေးမှုဖြစ်လာနိုင်ကြောင်းနှင့် အကယ်၍ တရုတ်တွင် မတူညီသည့် အမြင်မျိုးရှိ ခဲ့မည်ဆိုပါ အခြားငြိမ်းချမ်းရေးဖော်မြူလာတစ်ခုကို ပြင်ဆင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတက ယူကရိန်းတွင် ငြိမ်းချမ်းရေးအတွက် ၎င်း၏သဘောထားကို ထုတ်ဖော်ခဲ့ပြီး ထိုသဘောထားကို ငြိမ်းချမ်းရေးဖော်မြူလာအဖြစ် ခေါ်ဆိုခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသည် ယခုသီတင်းပတ်ကုန်တွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းသည့်ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးညီလာခံကို ကျင်းပမည်ဖြစ်ပြီး ဒါဇင်နှင့်ချီသည့်နိုင်ငံများမှ ကိုယ် စားလှယ်များ တက်ရောက်မည်ဖြစ်သည်။

ရုရှား၏ ဝင်ရောက်တိုက်ခိုက်သည့် စစ်ပွဲစတင်ခဲ့ပြီးကတည်းက ဇယ်လန်စကီးနှင့်ရှီအကြား နောက်ဆုံးအကြိမ် လူသိရှင်ကြား ဖုန်းဆက်သွယ်ပြောဆိုမှုသည် ၂၀၂၃ ခုနှစ် ဧပြီလက ဖြစ်သည်။

ယူကရိန်းငြိမ်းချမ်းရေးညီလာခံတွင် ရုရှားနိုင်ငံ ပါဝင်ခြင်းမရှိပါက မိမိတို့အနေဖြင့် ထိုညီလာခံကို တက်ရောက်ရန် ခက်ခဲလိမ့်မည်ဟု တရုတ်က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုညီလာခံသည် ရုရှားနှင့် ယူကရိန်းကို အသိအမှတ်ပြုသင့်ကြောင်း သက်ဆိုင်ရာ နိုင်ငံများအားလုံး သာတူညီမျှ ပါဝင်သင့်ကြောင်းနှင့် ငြိမ်းချမ်းရေးအစီအစဉ်အားလုံးကို မျှမျှတတ ဆွေးနွေးသင့်သည်ဟု တရုတ် က ယူဆထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားခဲ့သည်။ ရုရှားကမူ ထိုငြိမ်းချမ်းရေးညီလာခံကို ရုရှားမပါဘဲကျင်းပမည့် အိုင်ဒီယာသည် အဓိပ္ပာယ်မရှိကြောင်း ပြောကြား ခဲ့သည်။                        

Ref:Reuters

Most Read

Most Recent