အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၆၁ ဘီလျံရှိသော အကူအညီများကို အတည်ပြု

အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၆၁ ဘီလျံရှိသော အကူအညီများကို အတည်ပြု
ဖေဖော်ဝါရီ ၇ ရက် နေဝင်ချိန်တွင် ၀ါရှင်တန်ရှိ အမေရိကန်လွှတ်တော်ကို မြင်ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၇ ရက် နေဝင်ချိန်တွင် ၀ါရှင်တန်ရှိ အမေရိကန်လွှတ်တော်ကို မြင်ရစဉ်(Photo:AFP)
Published 24 April 2024

အမေရိကန်ကွန်ဂရက်သည် ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၆၁ ဘီလျံရှိ သော အကူအညီများကို ဧပြီ ၂၃ ရက်ညပိုင်း တွင် နောက်ဆုံး အတည်ပြုပေးလိုက်သည်ဟု သိရသည်။

ရုရှားက စစ်မြေပြင် အသာရမှုများရှိနေသောကြောင့် ယူကရိန်းအကူအညီ ဥပဒေကြမ်းကို မြန်မြန်ဆန်ဆန် လက်မှတ်ရေးထိုးပေးမည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီး လက်နက်အကူအညီများကို စစ်ပွဲဖြစ်ပွားရာ နယ်မြေသို့ ယခုသီတင်းပတ်အတွင်း စတင်ပို့ဆောင်မည်ဟု ဆိုသည်။

အမေရိကန်အောက်လွှတ်တော်သည် ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်တို့ကို လုံခြုံရေး အကူအညီ အမေရိကန်ဒေါ်လာ ၉၅ ဘီလျံ ပေးရန် ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။ ရီပတ်ဘလီကင် အမတ်အချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လင့်ကစား အောက်လွှတ်တော်က အဆိုပါ အကူအညီများကို အ တည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမေရိကန်အထက်လွှတ်တော်ကလည်း အဆိုပါ အကူအညီများကို ထောက်ခံမဲ ၇၉ မဲ၊ ကန့် ကွက်မဲ ၁၈ မဲဖြင့် အတည်ပြုခဲ့သည်။

“ဥပဒေကြမ်းဟာ မနက်ဖြန် ကျွန်တော့်စားပွဲကို ရောက်လာတာနဲ့တစ်ပြိုင်တည်း ကျွန်တော်က အဲဒီဥပဒေကြမ်းကို ဥပဒေ အဖြစ် လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး အမေရိကန်ပြည်သူတွေကိုလည်း မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ အဲဒီလိုလက်မှတ်ထိုးမှလည်း ကျွန်တော်တို့ဟာ အခုတစ်ပတ်ထဲမှာပဲ လက်နက်နဲ့ ပစ္စည်းကိရိယာတွေကို ယူကရိန်းထံ စတင်ပို့ပေးနိုင်မှာ ဖြစ်ပါတယ်”ဟု အကူအညီ ဥပဒေကြမ်းကို အထက်လွှတ်တော်တွင် မဲခွဲခဲ့ပြီးနောက် မကြာမီ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဘိုင်ဒင်က ဖော်ပြခဲ့သည်။

ယူကရိန်းကို အကူအညီပေးရေးကိစ္စ နှင့်ပတ်သက်၍ လွှတ်တော်အမတ်များ လချီ အခြေအနေဆွေးနွေးခဲ့ကြပြီးနောက် ယင်းအကူအညီကို အောက်လွှတ်တော်နှင့်အထက်လွှတ်တော်တို့က အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကူအညီထဲတွင် ဂါဇာ၊ ဆူဒန်၊ ဟေ တီတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလည်း ပါဝင်သည်။

အလားတူ အကူအညီပေးမည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီလထဲတွင် ဆီးနိတ်က အတည်ပြုခဲ့သော်လည်း သမ္မတဟောင်း ဒေါ်နယ်ထရန့်နှင့် ၎င်း၏သဘောထားတင်းမာသော မဟာမိတ်များထံမှ တောင်းဆိုမှု များကြောင့် ယင်းဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်မပြုခဲ့ပေ။ သို့ရာတွင် လူဝင်မှုကြီးကြပ်ရေး မူဝါဒများနှင့်ပတ်သက်၍ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က သမ္မတဂျိုးဘိုင်ဒင်ထံမှ အလျှော့ပေး မှုများကို တောင်းဆိုခဲ့ပြီး အလျှော့ပေးမှသာ အကူအညီ ဥပဒေကို အတည်ပြုမည်ဟု ဆိုခဲ့သည်။

အချိန်အတော်ကြာ နှောင့်နှေးနေသော စစ်ရေးအကူအညီ ဘီလျံပေါင်းများစွာကို ယူကရိန်းသို့ လျင်မြန်စွာပေးပို့သွားမည်ဟု ဧပြီ ၂၂ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကတိပေးခဲ့သည်။

ရီပတ်ဘလီကင်လွှမ်းမိုးထားသော အမေရိကန်အောက်လွှတ်တော်က ယူကရိန်း အကူအညီကို လချီ ပိတ်ဆို့ခဲ့သည်။ ထို့နောက် အောက်လွှတ်တော်က ယူကရိန်းအကူအညီများကို အတည်ပြုပေးလိုက်ပြီးနောက် နှစ်ရက်အကြာတွင် သမ္မတနှစ်ဦး ဖုန်းဆက်စကားပြောခဲ့ခြင်းဖြစ်သည်။ ဒီမိုကရက်တစ် အမတ်များ ထိန်းချုပ်ထားသော အမေရိကန် ဆီးနိတ်သည် ယူကရိန်းအကူအညီကို ဧပြီ ၂၃ ရက် တွင် မဲခွဲအတည်ပြုခဲ့သည်။

ဆီးနိတ်ကအတည်ပြုသည်နှင့်တစ် ပြိုင်တည်း ယူကရိန်းကို အကူအညီပေးမည့် ဥပ ဒေကြမ်းအားသမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် အတည်ပြုပေးမည်ဖြစ်သည်။

စစ်ရေးအကူအညီ အမေရိကန်ဒေါ် လာ ၆၁ ဘီလျံကို လမ်းဖွင့်ပေးလိုက်သည့်အတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဘိုုင်ဒင်ကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦး ဖုန်းဆက် စကားပြောရာတွင် ယင်းသို့ပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                       Ref:AFP