မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို စောင့်ကြည့်ရန် အဖွဲ့သစ်ဖွဲ့စည်းမည့် အားထုတ်ကြိုးပမ်းမှုများသည် ကျရှုံးလိမ့်မည်ဟု မြောက်ကိုရီးယားသံအမတ် ပြောကြား

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို စောင့်ကြည့်ရန် အဖွဲ့သစ်ဖွဲ့စည်းမည့် အားထုတ်ကြိုးပမ်းမှုများသည် ကျရှုံးလိမ့်မည်ဟု မြောက်ကိုရီးယားသံအမတ် ပြောကြား
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် မြောက်ကိုရီးယားသံအမတ် ကင်ဆွန်းကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် မြောက်ကိုရီးယားသံအမတ် ကင်ဆွန်းကို တွေ့ရစဉ်(Photo:AFP)
Published 6 May 2024

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို စောင့်ကြည့်ရန် အဖွဲ့သစ်ဖွဲ့စည်းမည့် အားထုတ်ကြိုးပမ်းမှုများသည် ကျရှုံးလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကင် ဆွန်းက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မတ်လအတွင်းက ကုလသမဂ္ဂတွင် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ကုလသမဂ္ဂ၏ စောင့်ကြည့်မှုကို ရုရှားက ဗီတိုအာဏာအသုံးပြုပြီး အဆုံးသတ်ခဲ့ပြီးနောက် ကင်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်ကမူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားကို လက်နက်များ ထောက်ပံ့ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် မြောက်ကိုရီးယား၏ ကင်းထောက်ဂြိုဟ်တု စီမံကိန်းအတွက် နည်းပညာအကူအညီများကို လက်ခံရရှိခဲ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်ကတည်းက ချမှတ်ခံထားရသည့် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများနှင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ သတိပေးချက်များကို ဖီဆန်ပြီး ဒုံးကျည်စမ်းသပ်မှုများကို စံချိန် တင်ပြုလုပ်ခဲ့သည်။

ထို့ပြင် ကင်သည် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံအဆင့်မှ ပြောင်းလဲနိုင်တော့မည် မဟုတ်ကြောင်း ၂၀၂၂ ခုနှစ်က ကြေညာခဲ့သည်။

“ရန်လိုတဲ့ အင်အားစုတွေဟာ အနာဂတ်မှာလည်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖွဲ့စည်းဖို့ ကြိုးပမ်းအားထုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေဟာ အချိန်ရဲ့ တိုက်စားမှုနဲ့အတူ ပျက်ပြယ်သွားပါလိမ့်မယ်”ဟု ကင်ဆွန်းက ပြောကြားခဲ့သည်ကို KCNA က မေ ၅ ရက်တွင် ဖော်ပြခဲ့သည်။

ရုရှား၏ ဗီတိုအာဏာဖြင့် မြောက်ကိုရီးယားကို စောင့်ကြည့်သည့် အဖွဲ့ဖျက်သိမ်းခဲ့ရသည့် ဖြစ်စဉ်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံ၏ ရပ်တည်ခွင့်ကို ဖိနှိမ်လိုသည့် တရားမဝင်အဖွဲ့အစည်းအတွက် သမိုင်းက ချ မှတ်ခဲ့သည့် စီရင်ချက်တစ်ခုဖြစ်သည်ဟုလည်း ကင်က ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သည် မြောက်ကိုရီးယား၏ လူ့အခွင့်အရေးအခြေအနေကို နိုင်ငံရေး သဘောသက်ဝင်စေရန် လုပ်ဆောင်နေသည်ဟု မြောက်ကိုရီးယားက ဧပြီ ၂၇ ရက်တွင် စွပ်စွဲခဲ့ပြီး ထိုလုပ်ဆောင်မှုသည် နိုင်ငံရေးအရ ရန်စမှုဖြစ်ပြီး လျှို့ဝှက်ပူးပေါင်းကြံစည်မှုဖြစ်သည်ဟု ရှုတ်ချခဲ့သည်။

ထို့ပြင် ၎င်း၏ ဒုံးကျည်များ ပစ်လွှတ်မှုကို ရပ်တန့်ရန် တိုက်တွန်းနေသည့် အမေရိကန်ကို မြောက်ကိုရီးယားက ဝေဖန်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးသည် ဧပြီလက တောင်ကိုရီးယားသို့ လာရောက်သည့် ခရီးစဉ်အတွင်း မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ခိုင်မာမှုရှိစေရန် စိတ်ချသေချာအောင် လုပ်ဆောင်မှု၏ အရေးကြီးပုံကို ပြောကြားခဲ့သည်။

အမေရိကန်သည် တောင်ကိုရီးယား၊ ဂျပန်နှင့် အခြားနိုင်ငံများနှင့်ပူးပေါင်းကာ မြောက်ကိုရီးယား၏ တရားမဝင်လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် နည်းလမ်းများရှာ ဖွေသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

                             Ref:AFP

Most Read

Most Recent