ယူကရိန်းအတွက် ဒုံးကျည်များထုတ်လုပ်ပေးနေသော Thales Group

ယူကရိန်းအတွက် ဒုံးကျည်များထုတ်လုပ်ပေးနေသော Thales Group
Photo - AFP
Photo - AFP
Published 24 March 2024

ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းသည် ဒုံးကျည်များ ပိုမိုလိုအပ်နေမှုနှင့်အတူ ပြင်သစ်၏ နည်းပညာ၊ လေကြောင်းနှင့် ကာကွယ်ရေး လုပ်ငန်းစုဖြစ်သည့် Thales Group ၏ မြောက်အိုင်ယာလန်အခြေစိုက် စက်ရုံတစ်ရုံသည် ဒုံးကျည်ထုတ်လုပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေရသည်။

ဘဲလ်ဖက်စ်မြို့အခြေစိုက် ထိုစက်ရုံသည် တာတိုမြေပြင်မှ ဝေဟင်ပစ် StarStreak ဒုံးကျည်များ၊ ဝေဟင်နှင့် မြေပြင်ပစ်မှတ်များကို ပစ်ခတ်နိုင်သည့် Lightweight Modular Missiles (LMM) ဒုံးကျည်များကို ထုတ်လုပ်နေသည့် စက်ရုံဖြစ်သည်။

ထို့ပြင် ထိုစက်ရုံသည် ဆွီဒင်၏ ကာကွယ်ရေးကုမ္ပဏီ Saab အတွက် NLAW တင့်ကားဖျက်ဒုံး ကျည်များကိုလည်း တပ်ဆင်ပေးလျက်ရှိသည်။

စစ်အေးကာလနောက်ပိုင်း ဒုံးကျည်ထုတ်လုပ်မှုများ လျော့ကျသွားခဲ့သော်လည်း ၂၀၂၂ ခုနှစ ် ဖေဖော် ၀ါရီလက ယူကရိန်းကို ရုရှားက အင်ပြည့်အားပြည့် ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် ဒုံးကျည်ထုတ်လုပ်မှုများ ပြန်လည်မြင့်တက်ခဲ့သည်။

“နှစ်နှစ်အတွင်း ထုတ်လုပ်မှုဟာ နှစ်ဆမြင့်တက်ခဲ့ပြီး အရင်ထုတ် လုပ်မှုနှုန်းတွေနဲ့ ယှဉ်ရင် အမြင့်ဆုံး အဆင့်အထိ မြင့်တက်ခဲ့ပါတယ်”ဟု Thales လုပ်ငန်းစု၏ ဗြိတိန်အခြေစိုက်စက်ရုံကို ဦးဆောင်သည့် အဲလက်စ် ခရက်စ်ဝဲလ်က ပြောကြားခဲ့သည်။

ထုတ်လုပ်သည့် ဒုံးကျည်အရေအတွက် အတိအကျကို ကုမ္ပဏီက ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း  ထို တာတိုပစ်ဒုံးကျည်များသည် ယူကရိန်း၏ ဒုံးကျည်ဝယ်လိုအား မြင့်တက်နေမှုကို အနည်းနှင့်အများဆို သလို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ရုရှားစစ်ပွဲများသည် ယူကရိန်း၏ နယ်မြေအားလုံးကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည့်တိုင် ဗြိတိန်က NLAW ဒုံးကျည် ၃၅၀၀ ခန့်ကို စစ်ပွဲ၏ ပထမသီတင်းပတ်များတွင် ယူကရိန်းအား ထောက်ပံ့ပေးခဲ့ပြီး နောက်ထပ်ဒုံးကျည် ၆၀၀၀ ခန့်ကို ထပ်မံထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည်။

ယူကရိန်း-ရုရှားစစ်ပွဲ စတင်ခဲ့ချိန်ကတည်းက ဗြိတိန်သည် ယူကရိန်းကို ပေါင် ၇ ဒသမ ၁ ဘီလျံ တန်ကြေးရှိ စစ်ရေးအကူအညီများ ထောက်ပံ့ပေးခဲ့ကာ ထိုအကူအညီများထဲတွင် ၂၀၂၄ ခုနှစ်က ပေါင် ၂ ဒသမ ၅ ဘီလျံ တန်ကြေးရှိ စစ်ရေးအကူအညီများလည်း ပါဝင်ခဲ့သည်။

ထို့ကြောင့် ဗြိတိန်သည် ယူကရိန်းအား စစ်ရေးအကူအညီများ ထောက်ပံ့ပေးသည့် အဓိကနိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။

၂၀၂၂ ခုနှစ်က Tlales ၏ ဘဲလ်ဖက်စ်အခြေစိုက် စက်ရုံသည် ယူကရိန်းအတွက် ဗြိတိန် စစ်ရေး အထောက်အပံများ၏ အဓိက အရင်းအမြစ်တစ်ခုဖြစ်ခဲ့သည်ဟု ဗြိတိန်ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် RUSI က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

တန်ဖိုးနည်းသည့် လက်နက်များဖြစ်သည့် Starstreak နှင့် NLAW ကဲ့သို့ တင့်ကားဖျက်လက်နက်များက ယူကရိန်းစစ်ပွဲတွင် လျင်မြန်စွာ အနိုင်ရလိုသည့် ရုရှား၏ မျှော်လင့်ချက်များကို ရိုက်ချိုးရာတွင် အဓိကကျသည့် နေရာမှ ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဗြိတိန်စစ်တပ်ကိုယ်စား Thales ကုမ္ပဏီသည် Starstreak ဒုံးကျည်များအသုံးပြုပုံကို ရာနှင့်ချီသည့် ယူကရိန်းစစ်သားများအား လေ့ကျင့်သင်ကြားပေးခဲ့သည်။

ဒုံးကျည်ထုတ်လုပ်မှုများကို မြှင့်တင်ရန်အတွက် ပြီးခဲ့သည့်နှစ်က ဘဲလ်ဖက်စ်အခြေစိုက် စက်ရုံသည် ဝန်ထမ်း ၁၄၀ ကို ခန့်အပ်ခဲ့ပြီး လုပ်သားအင်အားကို ၉၀၀ အထိ တိုးမြှင့်ခဲ့သည်။ ထို့ပြင်ယခုနှစ်ထဲတွင်လည်း နောက်ထပ် ဝန်ထမ်းအင်အား ၁၀၀ ကို ထပ်မံခန့်ထားရန် စီစဉ်ထားသည်။Thales ကုမ္ပဏီ၏ ပါဝင်မှုသည် ယူကရိန်းစစ်ပွဲအတွင်း ဝယ်လိုအားမြင့်တက်နေသည့် ဒုံးကျည်များအတွက် ထောက်ပံ့သူများနှင့် ကန်ထရိုက်များ ချုပ်ဆိုမှုကို မြင့်တက်စေခဲ့သည်။

၁၉၉၀ ပြည့်နှစ် နှစ်လယ်ပိုင်းကတည်းက အသုံးပြုခဲ့သည့် Starstreak ဒုံးကျည်များကို ဗြိတိန်က နောက်ဆုံးအကြိမ် အော်ဒါမှာယူခဲ့ ပြီးနောက် သုံးနှစ်အကြာဖြစ်သည့် ၂၀၁၃ ခုနှစ်တွင် Thales ကုမ္ပဏီ အနေနှင့် Starstreak ဒုံးကျည်များ ထောက်ပံ့မှုနှင့် ဒုံးကျည်များ ပြုလုပ်ရန် အစိတ်အပိုင်းများထုတ်လုပ်မှု အပေါ် ကြီးမားသည့် ကတိကဝတ်ထားရှိခဲ့ကြောင်း ကုမ္ပဏီ၏ ဗြိတိန်  စီးပွားရေး ခေတ်မီလက်နက်စနစ် များဆိုင်ရာ ဒါရိုက်တာ အန်ဂပ်စ် ကာမီရွန်က ပြောကြားခဲ့သည်။

                                           Ref:AFP

Most Read

Most Recent