ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် အကူအညီများ ပိုမိုပေးပို့နိုင်ရေးတို့အတွက် အမေရိကန်ဒုတိယသမ္မတ ကာမလာဟဲရစ်က ပြင်းပြင်းထန်ထန် တောင်းဆို

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် အကူအညီများ ပိုမိုပေးပို့နိုင်ရေးတို့အတွက် အမေရိကန်ဒုတိယသမ္မတ ကာမလာဟဲရစ်က ပြင်းပြင်းထန်ထန် တောင်းဆို
အမေရိကန်ဒုတိယသမ္မတ ဟဲရစ် အလာဘားမားပြည်နယ် ဆဲလ်မားမြို့၌ မိန့်ခွန်းပြောကြားနေပုံကို မတ် ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အမေရိကန်ဒုတိယသမ္မတ ဟဲရစ် အလာဘားမားပြည်နယ် ဆဲလ်မားမြို့၌ မိန့်ခွန်းပြောကြားနေပုံကို မတ် ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 4 March 2024

အဆိုုပြုထားသည့် သီတင်းပတ်ခြောက်ပတ်ကြာ အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေးကို လက်ခံရမည်ဟု မတ် ၃ ရက်တွင် အမေရိကန်ဒုတိယသမ္မတ ကာမလာဟဲရစ်က တိုက်တွန်းလိုက်ပြီး ဂါဇာသို့ မလုံလောက် သည့် အကူအညီများပေးပို့ခြင်းများနှင့်ပတ်သက်၍ အစ္စရေးကို ဝေဖန်ခဲ့သည်။

“ဂါဇာမှာ ကြီးကျယ်တဲ့အတိုင်းအတာနဲ့ ဒုက္ခခံစားနေရတာကြောင့် လတ်တလောအပစ်ရပ်စဲရေးကိစ္စကို ဆွေးနွေးနေပါတယ်။ နောက်လာမယ့် သီတင်းပတ်ခြောက်ပတ်အတွင်း ချက်ချင်းအပစ်အခတ်ရပ်စဲရမှာဖြစ် ပါတယ်”ဟု အလာဘားမားပြည်နယ် ဆဲလ်မားတွင် ပြောကြားသော မိန့်ခွန်းတွင် ဟဲရစ်က ထည့်သွင်း ပြောကြားခဲ့သည်။

၎င်း၏စကားများသည် စစ်ပွဲစတင်ကတည်းက အစ္စရေးနှင့်ပတ်သက်၍အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး ယနေ့အထိ အပြင်းထန်ဆုံးပြောဆိုမှုဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒင်သည် အစ္စရေးကို ထောက်ခံ ကြောင်းပြောကြားထားသူဖြစ်ပြီး ဂါဇာကမ်းမြောင်၌  အရပ်သားသေဆုံးမှု မြင့်တက်လာသောအခါ ဂျိုးဘိုင်ဒင်သည် ပြင်းထန်သော ဖိအားများကို ရင်ဆိုင်နေရသည်။

အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ယေဘုယျအားဖြင့် လက်ခံထားပြီးဖြစ်သည်ဟု မတ် ၂ ရက်တွင် အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ဓားစာခံတွေလွတ်လာမှာဖြစ် ပြီး အကူအညီအများအပြား ရောက်သွားမှာဖြစ်ပါတယ်”ဟု ဟဲရစ်က ပြောကြားခဲ့ပြီး သဘောတူညီချက်ကို လက်ခံရန် ဟားမာ့စ်ကို တောင်းဆိုခဲ့သည်။

“အပစ်အခတ်ရပ်စဲတာကို အလိုရှိတယ်လို့ ဟားမာ့စ်က ပြောပါတယ်။ အဲဒီကိစ္စကို ဆွေးနွေးနေပါတယ်။ အဲဒီအပေးအယူကို ဟားမာ့စ်ကသဘောတူညီဖို့ လိုတယ်လို့ ကျွန်မတို့ပြောထားပြီးသားပါ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၁၆၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟုအစ္စရေးအစိုးရကထုတ်ပြန်ထားသည်။ပြန်ပေးဆွဲခံရသူများထဲက လူ ၁၃၀ သည် ဂါဇာတွင်ရှိနေဆဲဖြစ်ပြီး ၃၁ ဦး သေဆုံးသွားပြီဟု ယုံကြည်ထားကြောင်းအစ္စရေးအစိုးရက ပြောကြားခဲ့သည်။

ငါးလနီးပါးရှိလာပြီဖြစ်သောအစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသောဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့်လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အ နည်းဆုံးလူ ၃၀,၅၃၄ ဦးသေဆုံးထားသည်ဟု နောက်ဆုံးထုတ်ပြန်ချက်တွင် ဟားမာ့စ်အုပ် ချုပ်နေသောဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ထုံစံမဟုတ်ဘဲ ပြင်းထန်သော အသုံးအနှုန်းများဖြင့် ပြောဆိုခဲ့ရာတွင် အမေရိကန်ဒုတိယသမ္မတဟဲရစ်က ဂါဇာကို အကူအညီများ ပိုမိုရောက်ရှိရေးအတွက် အဆင့်များချ မှတ်ဆောင်ရွက်ရန် ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟု၏အစိုးရကို ဆော်သြခဲ့သည်။

“အစ္စရေးအစိုးရဟာ ဂါဇာကို အကူအညီတွေ ပိုမိုရောက်လာစေဖို့ သိသိသာသာ လုပ်ပေးရမှာဖြစ်ပါတယ်။ ဆင်ခြေတွေပေးလို့မရပါဘူး”ဟု ဟဲရစ်က ပြောကြားခဲ့သည်။

အကူအညီများ ပေးပို့နိုင်ရေးအတွက် အစ္စရေးသည် နယ်စပ်ဂိတ်သစ်များကို ဖွင့်ပေးရမည်ဖြစ်ကာ မလိုအပ်သော ပိတ်ပင်မှုများမလုပ်ရဟု ဆိုသည်။             

Ref: AFP

Most Read

Most Recent