ကူညီထောက်ပံ့မှုများ နှေးကွေးခြင်းမရှိစေရန် ယူကရိန်းက အနောက်မဟာမိတ်နိုင်ငံများကို သတိပေး

ကူညီထောက်ပံ့မှုများ နှေးကွေးခြင်းမရှိစေရန် ယူကရိန်းက အနောက်မဟာမိတ်နိုင်ငံများကို သတိပေး
မတ် ၈ ရက်က လစ်သူယေးနီးယားတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကူလီဘာ(ယာ)နှင့် ပြစ်သစ်နိုင်ငံခြားရေးဝန်ကြီး ဆီဂျွန်းတို့ကို တွေ့ရစဉ်(Photo: AFP)
မတ် ၈ ရက်က လစ်သူယေးနီးယားတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကူလီဘာ(ယာ)နှင့် ပြစ်သစ်နိုင်ငံခြားရေးဝန်ကြီး ဆီဂျွန်းတို့ကို တွေ့ရစဉ်(Photo: AFP)
Published 10 March 2024

ယူကရိန်းအတွက် ကူညီထောက်ပံ့မှုများနှေးကွေးခြင်းမရှိစေရန် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက အနောက်မဟာမိတ်နိုင်ငံများကို မတ် ၈ ရက်က သတိပေးခဲ့ပြီး စစ်ရေးအထောက်အပံ့များ အချိန်မီ ရောက်ရှိလာခြင်းသည် စစ်ပွဲကိုပိုမိုကျယ်ပြန့် မသွားအောင် ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ယူကရိန်းအတွက် အကူအညီတွေကိုု နည်းနည်းချင်းစီပေးနေတဲ့ မဟာဗျူဟာက အလုပ်မဖြစ်တော့ပါဘူး။ အခုလိုမျိုးသာ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့အားလုံးအတွက် အဆုံးသတ်လှမှာ မဟုတ်ပါဘူး”ဟု ကူလီဘာက လစ်သူယေးနီးယားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်တွင် ပြောကြားခဲ့သည်။

ရုရှားကို အနိုင်တိုက်ခိုက်နိုင်ရန်အတွက် လက်နက်များနှင့်ခဲယမ်းများကို တားမြစ်ကန့် သတ်မှုများမရှိဘဲအချိန်မီ ထောက်ပံ့ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

“ဥရောပမှာ ငြိမ်းချမ်းရေးခေတ် အဆုံးသတ်သွားပြီဆိုတဲ့ အမှန်တရားသစ်ကို ကျွန်တော်တို့ လက်ခံရမှာပါ”ဟု ကူလီဘာက လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စတိုးနီးယားနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးများနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂါဘီယယ်လူးဝစ် လန်စ်ဘာဂျစ်ကလည်း ယူကရိန်း၏ မဟာမိတ်များအနေဖြင့် ရုရှားနှင့်ပတ်သက်ပြီး လျှော့ပေး၍မရသည့် နောက်ဆုံးစည်းများ သတ်မှတ်ထားသင့်ကြောင်း ပြောကြားခဲ့သည်။

မဟာမိတ်များအနေဖြင့် မည်သည့် ကူညီထောက်ပံ့မှုပုံစံမျိုးကိုမဆို ချန်လှပ်မထားသင့်ကြောင်း လန်စ်ဘာဂျစ်က မကြာသေးမီက ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်၏ အိုင်ဒီယာကို သံယောင်လိုက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက မက်ခရွန်သည် ယူကရိန်း၏ မဟာမိတ်များအနေဖြင့် ၎င်းတို့စစ်သားများကို ယူကရိန်းသို့ စေလွှတ်မည့်အစီအစဉ်ကို စာရင်းမှ ဖယ်ထုတ်မထားသင့်ကြောင်းပြောကြားခဲ့သည်။

သို့သော် ပြင်သစ်၏ ဥရောပနေတိုးမဟာမိတ်များနှင့် အမေရိကန်တို့ကမူ မက်ခရွန်၏ အိုင်ဒီယာကို ငြင်းဆိုခဲ့ကြသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတီဖန်နီ ဆီဂျွန်းကမူ အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းတွင် ရုရှားက အနိုင်ရမည့် အခြေအနေကို လျစ်လျူမရှုသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုအကျိုးဆက်သည် မိမိတို့ အားလုံးအတွက် ထိခိုက်နစ်နာနိုင်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းတွင် လက်နက်ပြုပြင်ထိန်းသိမ်းရေးနှင့် ထုတ်လုပ်ရေးတို့အပါအဝင် နိုင်ငံတကာ စစ်သင်တန်းများပေးရန်လည်း ကူလီဘာက တိုက်တွန်းခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် ယူကရိန်းအတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အကျိုးကျေးဇူးများ ပေါ်ပေါက်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတဗလာဒီမာပူတင်ကမူ အနောက်အုပ်စုအနေဖြင့် ယူကရိန်းစစ်ပွဲကိုအ ရှိန်မြင့်တက်လာအောင်လုပ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ အန္တရာယ်ရှိလာနိုင်ကြောင်း ဖေ‌ဖော်ဝါရီ ၂၉ ရက်တွင် သတိပေးခဲ့သည်။

“သူတို့က ယူကရိန်းကို နိုင်ငံကိုယ်စားပြု တပ်ဖွဲ့တွေပို့မယ့် အလားအလာကို ပြောကြားခဲ့ပါတယ်။ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့ ကြားဝင်စွက်ဖက်သူတွေအတွက် အကျိုးဆက်တွေဟာ ပိုမိုဆိုးရွားပါလိမ့်မယ်”ဟု ပူတင်က နှစ်ပတ်လည် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာကမူ ပူတင်၏ ပြောကြားချက်ကို ဝေဖန်ခဲ့ပြီး “ဒါဟာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦး ပြောရမယ့် စကား မဟုတ်ပါဘူး”ဟု တုံ့ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent