အလွန်ကြီးမားသော ခရုစ်ဒုံးကျည်ထိပ်ဖူးနှင့် လေယာဉ်ပစ်ဒုံးကျည် အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား

အလွန်ကြီးမားသော ခရုစ်ဒုံးကျည်ထိပ်ဖူးနှင့် လေယာဉ်ပစ်ဒုံးကျည် အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား
Published 20 April 2024

နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းဒေသတစ်ခု၌     အရွယ်အစားအလွန်ကြီးမားသော ခရုစ်ဒုံးကျည်ထိပ်ဖူးနှင့် လေယာဉ်ပစ်ဒုံးကျည် အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့သည်ဟု မြောက်ကိုရီးယားက ဧပြီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် တင်းမာမှုများ အရှိန်ပိုမြင့်တက်လာစဉ် ၎င်း၏စစ်ရေးစွမ်းရည်များကို တိုးမြှင့်တည်ဆောက်လျက်ရှိသည်။

ဧပြီ ၁၉ ရက်က မြောက်ကိုရီးယား၏ ဒုံးလက်နက်စီမံခန့်ခွဲရေးတပ်ဖွဲ့သည် Hwasal-1 Ra-3 မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်အတွက် ဒီဇိုင်းထုတ်ထားသည့် ဒုံးကျည်ထိပ်ဖူး၏ စွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့ပြီး Pyoljji-1-2 လေယာဉ်ပစ်ဒုံးကျည်ကိုလည်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ယင်းစမ်းသပ်မှုများသည် ရည်မှန်းချက်ကို ပြည့်မီခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး အသေးစိတ်ဖော်ပြခြင်းမရှိပေ။

နိုင်ငံပိုင်  Korean Central News Agency (KCNA) က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် လေယာဉ်ပြေးလမ်းတစ်ခုရှိ ဒုံးပစ်ယာဉ်များဆီမှ ဒုံးကျည်နှစ်စင်းထက်မနည်း ပစ်လွှတ်ခဲ့ပုံကို ပြသထားသည်။

မြောက်ကိုရီးယားသည် ဖေဖော်ဝါရီ ၂ ရက်က အလားတူစမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သော်လည်း ခရုစ်ဒုံးကျည် သို့မဟုတ် လေယာဉ်ပစ်ဒုံးကျည် အမျိုးအစားကို တိတိကျကျ ထုတ်ပြန်ခဲ့ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တူညီသည့် လက်နက်စနစ်ကို စမ်းသပ်မှုလုပ်ဆောင်ပြီးနောက် နည်းပညာပိုင်း တိုးတက်လာဖွယ်ရှိသည့် လက္ခဏာကို ပြသနေသည်။ 

ဧပြီ ၁၉ ရက် လက်နက်စမ်းသပ်မှုများသည် မြောက်ကိုရီးယား၏ ပုံမှန်စစ်ဘက်ဆိုင်ရာ တီထွင်လုပ်ဆောင်မှုများ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ပတ်ဝန်းကျင်အခြေအနေနှင့် သက်ဆိုင်မှုမရှိကြောင်း KCNA သတင်းဌာနက အခိုင်အမာဆိုသည်။

ခရုစ်ဒုံးကျည်များသည် ဒေသတွင်းနိုင်ငံများ၏ ဒုံးခွင်းစနစ်များကို အသာစီးယူရန် ရည်ရွယ်သည့် မြောက်ကိုရီးယား၏ တိုးပွားလာသော လက်နက်အစုအဖွဲ့ထဲတွင် ပါဝင်သည်။ ယင်းဒုံးကျည်များသည် အမေရိကန်ပြည်ထောင်စုကို ပစ်မှတ်ထားသည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အပါအဝင် မြောက်ကိုရီးယား၏ တောင့်တင်းသော ပဲ့ထိန်းဒုံးကျည် လက်နက်အင်အားကို ဖြည့်တင်းပေးလျက်ရှိသည်။ Ref: AP

 

Most Read

Most Recent