တရုတ်က ထိုင်ဝမ်အပေါ် စစ်အင်အားပြခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်နေဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြ

တရုတ်က ထိုင်ဝမ်အပေါ် စစ်အင်အားပြခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်နေဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြ
၂၀၂၃ ခုနှစ် ဧပြီ ၈ ရက်က ထိုင်ဝမ်ထိန်းချုပ်ခံ မာဆုကျွန်းစုအနီး၊ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ဖူကျိုးမြို့အနီး၌ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်း စစ်ရေးလေ့ကျင့်နေစဉ်(Photo:Reuters)
၂၀၂၃ ခုနှစ် ဧပြီ ၈ ရက်က ထိုင်ဝမ်ထိန်းချုပ်ခံ မာဆုကျွန်းစုအနီး၊ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ဖူကျိုးမြို့အနီး၌ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်း စစ်ရေးလေ့ကျင့်နေစဉ်(Photo:Reuters)
Published 7 March 2024

တရုတ်သည် ထိုင်ဝမ်အပေါ် စစ်အင်အားပြ ခြိမ်းခြောက်နှောင့်ယှက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကာ မကြာသေးမီလများအတွင်း မိုးပျံပူဖောင်းများ၊ ဒရုန်းများနှင့် အရပ်ဘက်သုံး သင်္ဘောများကို ထိုင်ဝမ်အနီးတစ်ဝိုက်သို့ အဆက်မပြတ် စေလွှတ်လျက်ရှိကြောင်း မတ် လ ၇ ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ် မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာ ပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။

ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်သည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိဒုသမ္မတ လိုင်ချင်းတယ် အနိုင်ရခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ် နှင့် စစ်သင်္ဘောများ စေလွှတ်ကာ စစ်ရေးအရ တိုးမြှင့်ဖိအားပေးရန် ကြိုးပမ်းလျက်ရှိသည်။ ကျွမ်းကျင်သူများက ယင်းသို့လုပ်ဆောင်မှုများကို စစ်အင်အားပြ ခြိမ်းခြောက်သိမ်းသွင်းသည့် နည်းဗျူဟာဟု ဆိုသည်။

ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ် တိုးတက်ပြောင်းလဲရေးပါတီ (DPP)မှ ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်သည် အန္တရာယ်ရှိသော ခွဲထွက်ရေးသမားဖြစ်သည်ဟု တရုတ်က ရှုတ်ချပြောဆိုထားပြီး ထိုင်ဝမ်၏ တရားဝင်လွတ်လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုမှန်သမျှသည် ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်း သတိပေးထားသည်။

မကြာသေးမီလများအတွင်း ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးဌာနသည် ထိုင်ဝမ်အနီးတွင် တရုတ်၏ မိုးပျံပူဖောင်းများ တွေ့ရှိမှုကို သတင်းထုတ်ပြန်မှုများ စတင်ပြုလုပ်ခဲ့ပြီး ယင်းမိုးပျံပူဖောင်းများ အနက်မှ အချို့သည် ထိုင်ဝမ်ကျွန်း တည့်တည့်ပေါ်သို့ ဦးတည်ပျံသန်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က လည်း ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်ရေ တပ်သင်္ဘော ၁၁ စင်းကို တွေ့ရှိခဲ့ပြီး ယင်းပမာဏသည် ယခုနှစ်အတွင်း အများဆုံးဖြစ် သည်။

တရုတ်သည် စစ်ရေးအရ ခြိမ်းခြောက်ဖိ အားပေးမှုများ တိုးမြှင့်ခဲ့ကာ ထောက်လှမ်းရေး သတင်း ရယူရန်အတွက် ထိုင်ဝမ်ကျွန်းနှင့် အစွန်အဖျားကျသော ကျွန်းများအနီးသို့ ဒရုန်းများ၊ မိုးပျံပူဖောင်းများ စေလွှတ်လျက်ရှိကြောင်း မတ်လ ၇ ရက်က လွှတ်တော်သို့တင်သွင်းခဲ့သည့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာ န၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်ဝမ်ရေပိုင်နက်နှင့် လေပိုင်နက်ထဲသို့ တရုတ်က မိုးပျံပူဖောင်းများ၊ ဒရုန်းများနှင့် အရပ်ဘက်သုံး သင်္ဘောများစေလွှတ်ကာ မကြာခဏ ကျူးကျော်မှုများ လုပ်ဆောင်နေပြီး ထိုင်ဝမ်အပေါ် စစ်အင်အားပြ ခြိမ်းခြောက် နှောင့်ယှက်မှုအမျိုးမျိုး လုပ်ဆောင်နေသည်ဟုလည်း ၎င်းအစီရင်ခံစာတွင် ဖော်ပြသည်။

ထို့ပြင် တရုတ်သည် ၎င်းတို့၏စစ်ရေး လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အရပ်ဘက် ပင်လယ်ရေကြောင်း စူးစမ်းလေ့လာရေး သင်္ဘောများကို အသုံးပြုနေသကဲ့သို့ ထိုင်ဝမ်လေတပ်နှင့် ရေတပ်ကို ခြေကုန်လက်ပန်းကျစေရန်အလို့ငှာ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များနှင့် ရေတပ်သင်္ဘောများကိုလည်း စေလွှတ်လျက်ရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။ ယင်းသို့ ကျူးကျော်မှုများသည် တရုတ်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို မျက်ကွယ်ပြုရန် ကြိုးပမ်းမှုဖြစ်သည်ဟု ထိုင်ဝမ်ကဆိုသည်။ Ref:AFP