အမေရိကန်သမ္မတစီးနင်းသော Air Force One လေယာဉ်ပေါ်တွင် သတင်းလိုက်ယူကြသော သတင်းထောက်များ ယင်းလေယာဉ်ပေါ်မှ ပစ္စည်းများကို ခိုးယူခြင်းမပြုရန် အိမ်ဖြူတော် သတိပေး

အမေရိကန်သမ္မတစီးနင်းသော Air Force One လေယာဉ်ပေါ်တွင် သတင်းလိုက်ယူကြသော သတင်းထောက်များ ယင်းလေယာဉ်ပေါ်မှ ပစ္စည်းများကို ခိုးယူခြင်းမပြုရန် အိမ်ဖြူတော် သတိပေး
Published 1 April 2024

အမေရိကန်သမ္မတစီးနင်းသည့် Air Force One လေယာဉ်ပေါ်တွင် လိုက်ပါသတင်းယူကြသော သတင်းထောက်များနှင့် အခြားသူများက ယင်းလေယာဉ်ပေါ်ရှိ အသုံးအဆောင်ပစ္စည်းများကို ခိုးယူကြသည့်ကိစ္စအား စုံစမ်းစစ်ဆေးနေသည်ဟူသော သတင်းသည် မတ် ၃၀ ရက်တွင် ၀ါရှင်တန်မှ ထွက် ပေါ်လာခဲ့သည်ဟု Politico သတင်းဌာနက ဖော်ပြခဲ့သည်။

“သတင်းထောက်တွေ၊ အခြားသူတွေဟာ စာထွင်းထားတဲ့ ဝီစကီဖန်ခွက်တွေကနေ ၀ိုင်ဖန်ခွက်တွေအထိ Air Force One တံဆိပ်ပါတဲ့ဟာတွေကို လေယာဉ်ပေါ်ကမဆင်းမီ ယူချသွားကြတာဖြစ်ပါတယ်”ဟု Politico က ဖော်ပြခဲ့သည်။

သတင်းထောက်များလိုက်ပါသတင်းရယူသည့် Air Force One ပေါ်ရှိ သတင်းထောက်များ အခန်းမှပစ္စည်းများ ပျောက်ဆုံးနေခြင်းကို သိရှိသည်ဟူသော ပြင်းထန်သည့်သတိပေးချက်ကို လွန်ခဲ့သောလတွင် အိမ်ဖြူတော် သတင်းထောက်များအစည်းအရုံးက ၎င်း၏အဖွဲ့ဝင်များထံ အီးမေးလ်ပို့ခဲ့သည်။  သတင်းထောက်များသည ်အဆိုပါပစ္စည်းများကို အမှတ်တရအဖြစ် သိမ်းဆည်းကြခြင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန်သမ္မတတစ်ဦးခရီးသွားသည့်အခါ ၎င်းစီးနင်းသော Air Force One လေယာဉ်ပေါ်တွင် သတင်းထောက် ၁၃ ဦး လိုက်ပါသည်ဟု သိရသည်။ သတင်းဌာနများသည် Air Force One ပေါ်တွင် သတင်းလိုက်ယူသော ၎င်းတို့၏သတင်းထောက်များအတွက် လေယာဉ်စီးနင်းခကို ကျခံပေးသည်ဟု ဆိုသည်။ ယင်းခရီးစဉ်အတွင်း စားသောက်စရိတ်များကိုပါ မိခင်သတင်းဌာနများက ပေးသည်ဟု သိရသည်။

Air Force One လေယာဉ်အမှုထမ်းများက အမှတ်တရလက်ဆောင်ပစ္စည်းများအဖြစ် သမ္မတတံဆိပ်နှင့် သမ္မတလက်မှတ်ပါသော M&M ချော့ကလက်ထုပ်လေးများကို ပေးသည်။ မျက်မှန်များနှင့်အခြား Air Force One တံဆိပ်ပါသော ပစ္စည်းများကို အွန်လိုင်းမှ ဝယ်ယူနိုင်သည်ဟု ဆိုသည်။

သတင်းထောက်များ လေယာဉ်ပေါ်မှဆင်းသည့်အခါ ၎င်းတို့၏ကျောပိုးအိတ်များထဲမှ ပန်ကန်ပြားများ၏အသံများ၊ ဖန်ထည်ပစ္စည်းများ၏အသံများကိုကြားရသည်ဟု Politico က ဖော်ပြခဲ့သည်။

ဖြစ်ရပ်တစ်ခုတွင် သတင်းစာကြီးတစ်စောင်အတွက် အိမ်ဖြူတော်သတင်းထောက်ဟောင်းတစ်ဦးက ညစာ စားပွဲတည်ခင်းရာတွင် အခိုးခံထားရသည်မှာကြာပြီဖြစ်သော  ရွှေနားကွပ် Air Force One လေယာဉ်ပေါ် က ပန်းကန်ပြားများဖြင့် တည်ခင်းခဲ့သည်ဟု Politico က ဖော်ပြခဲ့သည်။

သို့ရာတွင် ရည်မှန်းချက်ကြီးမားသော သတင်းထောက်များနေထိုင်ရာမြို့တစ်မြို့တွင်  သတင်းထောက်တစ်ဦးသည် သတင်းထောက်အစည်းအရုံး၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။ အိမ်ဖြူတော်တစ်ဘက်ရှိ ပန်းခြံတွင် အဆိုပါသတင်းထောက်နှင့် သတင်းပြန်ကြားရေးဌာနတာ ဝန်ရှိသူတို့တွေ့ဆုံရန်စီစဉ်ပေးခဲ့ပြီးနောက်  အဆိုပါသတင်းထောက်က ဇာပန်းထိုးထားသော ခေါင်းအုံးစွပ်ကို ပိပိရိရိပြန်ပေးခဲ့သည်ဟု Politico က ဖော်ပြခဲ့သည်။

“ခေါင်းအုံးစွပ်ဟာ ပိုင်ရှင်အမျိုးမျိုး ပြောင်းလဲခဲ့ပါတယ်။ အခုတော့ ခေါင်းအုံးစွပ်ဟာ မူနေရာကို ပြန်ရောက်လာတာဖြစ်ပါတယ်”ဟု Politico သတင်းဌာနက ဖော်ပြခဲ့သည်။

Ref: AFP

         

         

         

Most Read

Most Recent