ဇင်ဘာဘွေက အယ်နီညိုမိုးခေါင်မှုကို နိုင်င့ံဘေးအန္တရာယ်အဖြစ် ကြေညာချက်ထုတ်ပြန်

ဇင်ဘာဘွေက အယ်နီညိုမိုးခေါင်မှုကို နိုင်င့ံဘေးအန္တရာယ်အဖြစ် ကြေညာချက်ထုတ်ပြန်
မတ် ၂၂ ရက်က ဇင်ဘာဘွေနိုင်ငံ မန်ဂဝီခရိုင်တွင် ခြောက်သွေ့နေသည့် စိုက်ခင်းအတွင်း လယ်သမားတစ်ဦးကို တွေ့ရစဉ်
မတ် ၂၂ ရက်က ဇင်ဘာဘွေနိုင်ငံ မန်ဂဝီခရိုင်တွင် ခြောက်သွေ့နေသည့် စိုက်ခင်းအတွင်း လယ်သမားတစ်ဦးကို တွေ့ရစဉ်
Published 5 April 2024

ဇင်ဘာဘွေအစိုးရက အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးခေါင်မှုကို နိုင်ငံ့ဘေးအန္တရယ်အဖြစ် ဧပြီ ၃ ရက်က ကြေညာခဲ့ပြီး နိုင်ငံအတွင်း ဆာလောင်ငတ်မွတ်နေသူများကို ကူညီပေးရန် ဒေါ်လာ ၂ ဘီလျံ လိုအပ်ကြောင်း ဇင်ဘာဘွေသမ္မတ အီမာဆန် မန် နန်ဂါဂွါက ပြောကြားခဲ့သည်။

အာဖရိကတောင်ပိုင်းဒေသတွင် အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အလွန်အမင်း ခြောက်သွေ့မှုနှင့် ရင်ဆိုင်နေရသည်။

“ဇင်ဘာဘွေနိုင်ငံသားတစ်ယောက်မှ ငတ်မွတ်မှုကြောင့် သေဆုံးတာမျိုး မဖြစ်စေရပါဘူး။ အယ်နီညိုကြောင့်ဖြစ်တဲ့ မိုးခေါင်မှုကို  အဆုံးသတ်ဖို့အတွက် နိုင်ငံလုံးဆိုင်ရာ ဘေးအန္တရာယ်အဖြစ် ကျွန်တော် ကြေညာပါတယ်”ဟု မန်နန်ဂါဂွါက ပြောကြားခဲ့သည်။

မိုးရွာသွန်းမှု နည်းပါးသဖြင့် ယခုနှစ်တွင် ဇင်ဘာဘွေနိုင်ငံသား ၂ ဒသမ ၇ သန်းကျော် သည် အစားအစာလုံလောက်စွာ ရရှိလိမ့်မည် မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

ယခုရာသီ၏ နှံစားသီးနှံ ရိတ်သိမ်းမှုသည် တစ်နိုင်ငံလုံးတွင် လိုအပ်နေသည့် အစားအစာပမာဏ၏ ထက်ဝက်ခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မန်နန်ဂါဂွါက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက ပေါ်ပေါက်ခဲ့သည့် အယ်နီညို အစွန်းရောက်ရာသီဥတု ဖြစ်စဉ်သည် ပုံမှန်အားဖြင့် စတင်ဖြစ်ပွားပြီး တစ်နှစ်အကြာတွင် ကမ္ဘာလုံးဆိုင်ရာ အပူချိန်များကို မြင့်တက်စေသည်။

လက်ရှိတွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် မီးလောင်ကျွမ်းမှုများနှင့် စံချိန်တင်အပူချိန်များကိ ုမြင့် တက်စေခဲ့သည်။

အာဖရိကတောင်ပိုင်းတွင် ဇင်ဘာဘွေ သည် မာလာဝီနှင့် ဇမ်ဘီယာနိုင်ငံများပြီးလျင် မိုးခေါင်မှုကို နိုင်ငံ့ဘေးအန္တရာယ်အဖြစ်ကြေ ညာခဲ့ရသည့် တတိယမြောက်နိုင်ငံဖြစ်သည်။

ထိုကဲ့သို့ ကြေညာမှုကြောင့် မိုးခေါင်မှု အကျပ်အတည်းကို ဖြေရှင်းရန် အရင်းအမြစ်များ ပိုမိုုအသုံးပြုခွင့်ရမည်ဖြစ်သည်။

ဇင်ဘာဘွေနိုင်ငံသည် ရေအားလျှပ်စစ်ကို အလွန်အမင်းမှီခိုအားထားနေရသဖြင့် မိုးခေါင်မှုသည် လျှပ်စစ်ဓာတ်အားထုတ်လုပ် မှုကိုလည်း သက်ရောက်ခဲ့သည်။

ယခုနောက်ဆုံးအကြိမ်ဖြစ်ပွားသည့် အယ်နီညိုဖြစ်စဉ်သည် အပြင်းထန်ဆုံး အယ်နီညိုဖြစ်စဉ် ငါးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အပူချိန်များကို မြင့်တက်စေလိမ့်မည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)က ပြောကြားခဲ့သည်။

အယ်နီညိုဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အဆိုးရွားဆုံးအဆင့်အထိ ရောက်ရှိခဲ့သော်လည်း မေလမတိုင်မီအချိန် အထိ ကမ္ဘာ့ကုန်းမြေနေရာ အားလုံးနီးပါးတွင် ပုံမှန်ထက် ပိုမိုများပြားသည့် အပူချိန်များကို ဆက်ရှိနေစေလိိမ့်မည်ဖြစ်ကြောင်း WMC က ပြောကြားခဲ့သည်။

မာလာဝီ၊ မိုဇမ်ဘစ်၊ နမ်မီဘီယာ၊ ဇမ်ဘီ ယာနှင့် ဇင်ဘာဘွေနိုင်ငံများတွင် အဓိက အစားအစာများ စိုက်ပျိုးထုတ်လုပ်သည့်နေရာ များတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပျမ်းမျှမိုးရွာသွန်းမှု၏ ၈၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAQ) က ပြောကြားခဲ့ပြီး အစားအစာမလုံခြုံမှုမြင့်တက်နေသည့် အခြေအနေကို အလေးထားဖော်ပြခဲ့သည်။

ထိုနေရာဒေသများတွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း မိုးရွာသွန်းမှုပမာဏသည် နှစ်ပေါင်း ၄၀ အတွင်း အနိမ့်ဆုံးဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ထို့ပြင် မိုးခေါင်မှုကြောင့် လူအများအပြားသည် သန့်ရှင်းသည့် သောက်သုံးရေကို မရသဖြင့် အာဖရိကတောင်ပိုင်း နိုင်ငံအချို့တွင် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်တက်စေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

                                          Ref:AFP

Most Read

Most Recent