အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် စစ်ပွဲဆင်နွှဲနိုင်သည့် စွမ်းရည်များကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန် ကင်ဂျုံအွန် တိုက်တွန်း

အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် စစ်ပွဲဆင်နွှဲနိုင်သည့် စွမ်းရည်များကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန် ကင်ဂျုံအွန် တိုက်တွန်း
မတ် ၆ ရက်က နိုင်ငံအနောက်ပိုင်းရှိ လေ့ကျင့်ရေးစခန်းတစ်ခုသို့ သွားရောက်စစ်ဆေးနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုတွေ့ရစဉ်(Photo:AP)
မတ် ၆ ရက်က နိုင်ငံအနောက်ပိုင်းရှိ လေ့ကျင့်ရေးစခန်းတစ်ခုသို့ သွားရောက်စစ်ဆေးနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုတွေ့ရစဉ်(Photo:AP)
Published 7 March 2024

အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် စစ်ပွဲဆင်နွှဲနိုင်သည့် စွမ်းရည်များကို ပိုမိုအား ကောင်းအောင်လုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက မတ်လ ၇ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း လက်ရှိပြုလုပ်နေသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်ဟုဆိုကာ စစ်ရေးအရ တုံ့ပြန်မည်ဟု သတိပေးထားသည်။

မြောက်ကိုရီးယားစစ်တပ်သည် စစ်ပွဲအတွက် အသင့်ရှိအောင် အကောင်းဆုံးပြင်ဆင်ရန်အတွက် တိုက်ခိုက်ရေးစွမ်းရည်များကို အလျင်အမြန် မြှင့်တင်ရန်ရည်ရွယ်လျက် လက်တွေ့ကျသော စစ်ရေးလေ့ကျင့်မှုများကို အရှိန်အဟုန်မြှင့်ကာ မရပ်မနား လုပ်ဆောင်ရမည်ဟု မတ်လ ၆ ရက်က နိုင်ငံအနောက်ပိုင်းရှိ စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်ရေးစခန်းသို့ သွားရောက်စဉ်အတွင်း ကင်က ပြောကြား ခဲ့ကြောင်း KCNA  သတင်းဌာနက ဖော်ပြခဲ့သည်။

ရန်သူများ၏ အမြဲမပြတ် ခြိမ်းခြောက်မှုများကို ထိန်းချုပ်ရန် တိုက်ပွဲအတွက်အသင့်ရှိမှုကို တိုးမြှင့်ရန် လိုအပ်ကြောင်း ကင်က ပြောကြားသည်။

ကင်သည် ထိုလေ့ကျင့်ရေးစခန်း၌ တပ် ဖွဲ့ဝင်များ၏ စစ်ရေးလေ့ကျင့်ခန်းများကို ကြီးကြပ်ညွှန်ကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပြီး အသေးစိတ်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

ကင်သည် အနက်ရောင် သားရေဂျာကင် အင်္ကျီကိုဝတ်ဆင်ထားပြီး မတ်တပ်ရပ်လျက် ရိုင်ဖယ်သေနတ်တစ်လက်ကို ပစ်ခတ်ရန် ချိန်ရွယ်နေပုံနှင့် မြေပေါ်တွင်မှောက်ကာ ရိုင်ဖယ်သေနတ်များကို ပစ်ခတ်ရန် ချိန်ရွယ်နေသည့် စစ်သားများအနီးတွင် မတ်တပ်ရပ်လျက် ကြည့်ရှုနေသည့် ဓာတ်ပုံများကို နိုင်ငံ ပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။

ကင်သည် ယခင်ကလည်း စစ်ရေးစွမ်းရည် တိုးမြှင့်တည်ဆောက်ရန် အကြိမ်ကြိမ် ပြောဆိုဖူးသော်လည်း အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့် တန်ပြန်စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် မည်ဟု မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ခြိမ်းခြောက်ခဲ့ပြီး နှစ်ရက်အကြာတွင် ယခုတိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား၏ အဆင်ခြင်မဲ့သော စစ်ရေးလေ့ကျင့်မှုများသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ ပိုမိုဗြောင်ကျကျ ခြိမ်းခြောက်နေပြီး ယင်းအားကျူးကျော်ရန် ကြိုး ပမ်းမှုဖြစ်ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်သည် ရန်သူ၏ စွန့်စားလိုသော လုပ်ရပ်များကို ဆက်လက်စောင့်ကြည့်ကာ ကိုရီးယားကျွန်းဆွယ်၏ မတည်ငြိမ်သော လုံခြုံရေးဝန်းကျင်ကို ခိုင်ခိုင်မာမာထိန်းချုပ်ရန် တာဝန်ရှိသော စစ် ရေးလှုပ်ရှားမှုများ လုပ်ဆောင်မည်ဟု မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ အမည်မဖော်လိုသည့် ပြောခွင့်ရတစ်ဦးက ပြောကြားသည်။

တောင်ကိုရီးယားနှင့် အမေရိကန်က ကွန်ပျူတာဖန်တီးချက်များဖြင့် သဏ္ဌာန်တူ ဖန်တီးထားသည့် ကွပ်ကဲထိန်းချုပ်ရေးဆိုင် ရာ လေ့ကျင့်ခန်းများနှင့် စစ်မြေပြင် လေ့ကျင့်ခန်းမျိုးစုံ ပါဝင်မည့် ၁၁ ရက်ကြာ Freedom Shield စစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်တွင် စတင်ခဲ့သည်။

Freedom Shield စစ်ရေးလေ့ကျင့်မှု တွင် ပါဝင်သည့် နှစ်ဖက်တပ်ဖွဲ့ဝင် အရေအတွက်သည် ယမန်နှစ်ထက် နှစ်ဆပိုများပြီး လေကြောင်းထိုးစစ်ဆင်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် လက်တွေ့ပူးတွဲ လေ့ကျင့်မှုအစီအစဉ် ၄၈ ခု ပါဝင်ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့က ပြောကြားသည်။        Ref:AP

Most Read

Most Recent