အလံဖြူထောင်ရန် ပြောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး၏စကားကြောင့် ယူကရိန်းက ဗာတီကန်သံတမန်ကို ဆင့်ခေါ်

အလံဖြူထောင်ရန် ပြောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး၏စကားကြောင့် ယူကရိန်းက ဗာတီကန်သံတမန်ကို ဆင့်ခေါ်
မတ် ၆ ရက်က ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် လာရောက်ဂါရဝပြုသူများကို တွေ့ဆုံပြီးနောက် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ် (Photo:AFP)
မတ် ၆ ရက်က ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် လာရောက်ဂါရဝပြုသူများကို တွေ့ဆုံပြီးနောက် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ် (Photo:AFP)
Published 12 March 2024

ရုရှားနှင့်စစ်ပွဲပြီးဆုံးသွားစေရန် အလံဖြူထောင်ရမည်ဟု ပြောခဲ့သောပုပ်ရဟန်းမင်းကြီး၏တောင်းဆိုမှုကို ယူကရိန်းကပယ်ချလိုက်ပြီး ယူကရိန်းသည် ဘယ်တော့မှအညံ့ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ကျွန်တော်တို့ရဲ့အလံဟာ အဝါရောင်နဲ့ အပြာရောင်ဖြစ်ပါတယ်။ အဲဒီအလံဟာ ကျွန်တော်တို့ ရှင်သန်၊သေဆုံး၊ အောင်နိုင်တဲ့ အလံဖြစ်ပါတယ်”ဟု  အလံဖြူထောင်ရန် ယူကရိန်း သတ္တိရှိထားသင့်သည်ဟု ပုပ်ရဟန်း မင်းကြီးက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာ မတ် ၁၀ ရက်တွင် ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့်စေ့စပ်ဆွေး‌နွေးသင့်သည်ဟု ဆွစ်ဇာလန်ရုပ်သံလွှင့်ဌာန RTS နှင့် အင်တာ‌ဗျူးတွင် အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ပြောကြားခဲ့သည်။

“အ‌ခြေအနေကို မြင်သူတွေဟာ အသန်မာဆုံးသူတွေဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူတွေကို ထည့်စဉ်းစားပါ။ အလံဖြူထောင်ဖို့ သတ္တိရှိပါ။ စေ့စပ်ဆွေးနွေးပါ”ဟု ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အဆိုပါ အင်တာဗျူးကို ဖေ‌ဖော်ဝါရီလဆန်းပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဗာတီကန်က ပြောသည်။

ကောင်းသည့်ဘက်တွင် ရပ်တည်ရန်၊ ဆန့်ကျင်ဘက်တွင် တစ်သားတည်းရပ်တည်ပြီးစေ့စပ်ဆွေးနွေးရေးကို တောင်းဆိုခြင်းမပြုရန် ကူလီဘာကပုပ်ရဟန်းမင်းကြီးကို တောင်းဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့သော စကားနှင့်ပတ်သက်၍ မတ် ၁၁ ရက်တွင် ယူကရိန်းက ဗာတီကန်သံတမန်ကို ကိယက်ဗ်မြို့သို့ ဆင့်ခေါ်ခဲ့သည်။ အလံဖြူထောင်ရန်စဉ်းစားသင့်သည်ဟု ပြောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၏စကားက ယူကရိန်းကို ဒေါသထွက်စေခဲ့သည်။

“ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ပြောကြားချက်တွေကြောင့် ဗာတီကန်သံတမန် အပိုစတိုလစ်နန်စီယိုကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ဖိတ်ကြားခဲ့ပါတယ်”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက လူမှု မီဒီယာတွင် ထုတ်ပြန်ခဲ့သည်။

အလံဖြူထောင်ရေးအတွက် ပုပ်ရဟန်းမင်းကြီးပြောကြားခဲ့သော စကားများနှင့် ပတ်သက်၍ ဗာတီကန်သံတမန်တစ်ဦးဖြစ်သော လစ်သူယေးနီးယားဘုန်းတော်ကြီး ဗစ်ဗာဒက်ကူလ်ကိုကက်စ်ကလည်း စိတ်ပျက်မိသည်ဟု ကိယက်ဗ်ကို ပြောကြားခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက် ဖော်ပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ရုရှားနှင့် ဆွေးနွေးရန် ယူကရိန်းကို တောင်းဆိုလိုက်ခြင်းနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအန်နာလီနာဘဲယားဘော့က ပြင်းထန်စွာဝေဖန်လိုက်ပြီး ပုပ်ရဟန်းမင်းကြီး၏ ရပ်တည်ချက်ကို နားမလည်ဟု ပြောကြားခဲ့သည်။

“ကျွန်မ နားမလည်ပါဘူး။ ကိုယ်တိုင် မြင်ရမယ်ဆိုရင်တော့ အချို့ဟာတွေကို နားလည်နိုင်မယ်လို့ ထင်ပါတယ်”ဟု ဘဲယားဘော့က မတ် ၁၀ ရက် ညပိုင်းတွင်  အစိုးရရုပ်သံလွှင့်ဌာန ARD ကို ပြောကြားခဲ့သည်။

ဘဲယားဘော့သည် စစ်ပွဲစတင်ကတည်းက ကိယက်ဗ်ကို အကြိမ်ကြိမ်သွားခဲ့သူဖြစ်သည်။

“စစ်ပွဲကြောင့် ဒုက္ခရောက်နေကြရတဲ့ ယူကရိန်းကလေးတွေကို စကားပြောကြည့်တဲ့အခါ ပုပ်ရဟန်းမင်းကြီး ဘယ်မှာလဲလို့ ကျွန်မကိုယ်ကျွန်မပြန်ပေးမိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အဲဒါတွေကို သိထားရပါမယ်”ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ၎င်း၏မဟာမိတ်များသည် ယခုအချိန်တွင် အင်အားမပြပါက ငြိမ်းချမ်းရေး ရှိလာလိမ့်မည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျာမနီသည်ရုရှားကျူးကျော်မှုကို ခုခံတွန်းလှန်နေသော ယူကရိန်းကို  စစ်ရေးအကူအညီ ဒုတိယအများဆုံးပေးနေသော နိုင်ငံဖြစ်သည်။ အမေရိကန်က ယူကရိန်းကိုအများဆုံး ကူညီထားသည်။                     

Ref: AFP

Most Read

Most Recent