ရာဖာကို မြေပြင်စစ်ဆင်ရေး လုပ်ဆောင်ခြင်းမပြုရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ မေတ္တာရပ်ခံမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ငြင်းပယ်

ရာဖာကို မြေပြင်စစ်ဆင်ရေး လုပ်ဆောင်ခြင်းမပြုရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ မေတ္တာရပ်ခံမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ငြင်းပယ်
ဘိုင်ဒင်နှင့် နေတန်ယာဟုတို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် တွေ့ဆုံခဲ့ပုံကို တွေ့ရစဉ်
ဘိုင်ဒင်နှင့် နေတန်ယာဟုတို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် တွေ့ဆုံခဲ့ပုံကို တွေ့ရစဉ်
Published 20 March 2024

ဟားမာ့စ်စစ်သွေးကြွများ ခိုအောင်းနေသည့် နေရာဟု အစ္စရေးက ယုံကြည်ထားပြီး  စစ်ဘေးရှောင် တစ်သန်းကျော်ရှိနေသည့် ဂါဇာနောက်ဆုံးဒုက္ခသည်စခန်းဖြစ်သော ရာဖာကို မြေပြင်စစ်ဆင်ရေး လုပ်ဆောင်ရန် စီစဉ်ထားခြင်းကို ပယ်ဖျက်ရန် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်၏ မေတ္တာရပ်ခံမှုကို အစ္စ ရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သည်။

မိမိတို့သည် ရာဖာရှိ ဟားမာ့စ်တပ်ရင်းများကို အပြီးတိုင် ချေမှုန်းရန် ဆုံးဖြတ်ထားသည်ဟု အမေရိကန်သမ္မတအား မိမိအလွန် ရှင်းရှင်းစွာ အသိပေးထားသည်ဟု မတ် ၁၉ ရက်တွင် နေတန်ယာဟုက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ မြေပြင်စစ်ဆင်ရေး မလုပ်ဘဲ ဟားမာ့စ်တပ်ရင်းများကို လုံးလုံး ချေမှုန်း၍ မရဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် မတ် ၁၈ ရက်တွင် ဖုန်းဆက် စကားပြောခဲ့ကြသည်။ ရာဖာကို ဝင်ရောက်စီးနင်းခြင်းသည် အမှားဖြစ်လာလိမ့်မည်ဟု ၀ါရှင်တန်က ယုံကြည်ထားကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့ပြီး အစ္စရေးသည် ၎င်း၏စစ်ရေး ရည်မှန်းချက် များကို အခြားနည်းလမ်းများဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။

အစောဆုံးအနေဖြင့် လာမည့် သီတင်းပတ်ထဲတွင် အမေရိကန်နှင့် အစ္စရေးတာဝန်ရှိသူများသည် ၀ါရှင်တန်တွင် တွေ့ဆုံကြမည်ဖြစ်ပြီး ရာဖာ၌ လုပ်ဆောင်နေသော အစ္စရေး စစ်ဆင်ရေးကိစ္စကို ဆွေးနွေးမည်ဟု အိမ်ဖြူ တော်ပြောရေးဆိုခွင့်ရှိသူ ဂျင်းပီယာရီက မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ဂါဇာ၌ အငတ်ဘေး ကျရောက်တော့မည်ဆိုသည် သတင်းများကို အလွန်စိုးရိမ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ပြည့်ပြည့်စုံစုံ ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် စစ်တပ်၊ ထောက်လှမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ထိပ်တန်းအဖွဲ့တစ်ဖွဲ့ကို လာမည့်ရက်ပိုင်းအတွင်း ၀ါရှင်တန်သို့ စေလွှတ်ပေးရန် ဂျိုးဘိုင်ဒင်က နေတန်ယာဟုကို မေတ္တာရပ်ခံခဲ့သည်ဟု ဂျင်းပီယာရီက ပြောကြားခဲ့သည်။

၀ါရှင်တန်သည် အချိန်အားဖြင့် ခြောက်လနီးပါးရှိလာပြီဖြစ်သော အစ္စရေး-ဟားမာ့စ် စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ လွတ်မြောက်ရေး၊ အငတ်ဘေးကျရောက်တော့မည့် ဂါဇာပြည်သူများအတွက် စားနပ်ရိက္ခာအကူအညီများ ရောက်ရှိရေးတို့အတွက် သံတမန်ရေး ကြိုးပမ်းမှုအသစ်ကို လုပ်ဆောင်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်သည် အရှေ့အလယ်ပိုင်း ခရီးစဉ်ကို ကြေညာခဲ့သည်။ ၎င်းသည် အဆိုပါ ခရီးစဉ်တွင် အီဂျစ်၊ ဆော်ဒီအာရေဗျတို့ က အကြီးတန်းခေါင်းဆောင်များနှင့် တွေ့ဆုံ မည်ဖြစ်ပြီး အမြဲတမ်း ငြိမ်းချမ်းရေးအတွက် မှန်ကန်သော ပုံစံတစ်ရပ်ကို ဆွေးနွေးမည်ဟု ဆိုသည်။

အစ္စရေးတွင် ခရီးတစ်ထောက် ရပ်နားမည်ဟု ဘလင်က ပြောကြားမှုမရှိခြင်းသည် ထူးခြားလျက်ရှိပြီး ဘလင်ကင်၏ ခရီးစဉ်အတွက် ပြင်ဆင်ထားရန် အကြောင်းကြားမှုကို လက်ခံရရှိခြင်းမရှိကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မတ် ၁၉ ရက်တွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူ ၃၀ သေဆုံးခဲ့သည်ဟု ဆိုသည်။                Ref:Reuters

Most Read

Most Recent