စားနပ်ရိက္ခာ အကူအညီရယူရန်ကြိုးပမ်းသော ပါလက်စတိုင်းသားများကို ပစ်ခတ်သည်ဟု အစ္စရေးစစ်တပ် စွပ်စွဲခံရ

စားနပ်ရိက္ခာ အကူအညီရယူရန်ကြိုးပမ်းသော ပါလက်စတိုင်းသားများကို ပစ်ခတ်သည်ဟု အစ္စရေးစစ်တပ် စွပ်စွဲခံရ
ကုန်တင်ယာဉ်များအနီးသို့ ပြေးလာသည့် ဂါဇာလူအုပ်ကို  ဒရုန်းဖြင့် ရိုက်ထားပုံအား ဖေဖော်ဝါရီ ၂၉ ရက်တွင် အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့ပုံကို တွေ့ရစဉ် (Photo: AFP)
ကုန်တင်ယာဉ်များအနီးသို့ ပြေးလာသည့် ဂါဇာလူအုပ်ကို  ဒရုန်းဖြင့် ရိုက်ထားပုံအား ဖေဖော်ဝါရီ ၂၉ ရက်တွင် အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့ပုံကို တွေ့ရစဉ် (Photo: AFP)
Published 1 March 2024

အစ္စရေးတပ်ဖွဲ့များသည် စားနပ်ရိက္ခာအကူအညီများရယူရန် အလုအယက်ကြိုး ပမ်းနေသောပါလက်စတိုင်းသားများကို ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခံရပြီးလူ ၁၀၀ ကျော် သေဆုံးသွားသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စားနပ်ရိက္ခာအကူအညီ အသည်းအသန်လိုအပ်နေသော ဂါဇာသားများသည် အကူအညီပစ္စည်းများတင်ဆောင်လာသော ကုန်တင်ကား ၃၈ စင်းပါ ယာဉ်တန်းကို ၀ိုင်း ထားလိုက်သောကြောင့် လူအုပ်ပြိုမှုဖြစ်ပွားခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ယင်းသို့ လူအုပ်ပြိုခြင်းကြောင့် လူဒါဇင်ချီသေဆုံးခဲ့ရပြီး အချို့မှာကုန်တင် ကားကြိတ်ခြင်းကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

ယင်းလူအုပ်သည် ခြိမ်းခြောက်မှုဖြစ်သည်ဟု ယုံကြည်သောကြောင့် အစ္စရေးတပ်ဖွဲ့များက လူအုပ်ကို ပစ်ခတ်ခဲ့သည်ဟု အစ္စရေးသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

လူ ၁၁၂ ဦးသေဆုံးခဲ့ပြီး လူ ၇၅၀ ကျော် ဒဏ်ရာရခဲ့သည့်ယင်းဖြစ်ရပ်ကို ဂါဇာတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ရှုတ်ချခဲ့သည်။

ယခုပစ်ခတ်မှုတွင် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ရှိနေခြင်းကြောင့် ဂါဇာစစ်ပွဲတွင် သေဆုံးသူစုစုပေါင်းသည် ၃၀,၀၀၀ ကျော်ရှိသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရက်ပိုင်းသာလိုတော့သည့် အစ္စရေးနှင့်ဟားမာ့စ်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိရန် မျှော်လင့်ချက် များကို ယခုပစ်ခတ်မှုက အားနည်းသွားစေခဲ့သည်။

အရုဏ်မတက်မီ နံနက်လင်းအားကြီးအချိန်တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများကွဲလွဲလျက်ရှိသည်။

လူထောင်ပေါင်းများစွာသည် ဂါဇာစီးတီး၏အနောက်ပိုင်းရှိ နာဘူလ်ဆီရပ်ကွက်၌ အကူအညီများတင်ဆောင်ထားသော ကုန်တင်ကားများထံ ပြေးသွားခဲ့ကြရာတွင် လူများသည် တင့်ကားများနှင့် နီးကပ်လွန်းလာသည့် အနေအထားတွင် အစ္စရေးစစ်သားများကလူအုပ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ ဂါဇာသားတစ်ဦးက ပြောကြားခဲ့သည်။

စစ်တပ်သည် အကူအညီယာဉ်တန်းတွင် ပါလာသောကုန်တင်ကားများကို ချုံခိုတိုက်ခိုက်သောလူအုပ်ကို လူစုခွဲရန် ကြိုးစားရာတွင် သတိပေးပစ်ခတ်မှုအချို့လုပ်ခဲ့သည်ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူဒန် နီရယ်ဟာဂါရီက ပြောကြားခဲ့သည်။

လူအုပ်သည် ကြီးမားလွန်းအားကြီးသောကြောင့် ယာဉ်တန်းသည် နောက်ပြန်ဆုတ်ရန်ကြိုးစားခဲ့ရာမှ ကံမကောင်းသောဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး ဂါဇာသားအများအပြားသေဆုံးဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

လူအများအပြားက ဂါဇာစီးတီး၌ အကူအညီ  ပစ္စည်းများတင်ဆောင်ထားသော ကုန်တင်ကားများကို ၀ိုင်းအုံနေသည့်ပုံများအား မြင့်ရသည့် ကောင်းကင်ဓာတ်ပုံများကို အစ္စရေးစစ်တပ်က ထုတ်ပြန်ပေးခဲ့သည်။

ဆာလောင်နေသော မိသားစုအတွက် အစားအသောက်အချို့ရရှိရန်သွားခဲ့သည့် အလီအာဝက်အက်ရှ်ကာက ၎င်းသည် ကုန်တင်ကားများ ရောက်လာချိန်အထိ နှစ်နာရီစောင့်ခဲ့ရသည်ဟု ဆိုသည်။

ထိုအချိန်တွင် အစ္စရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ လုပ်ဆောင်သည်သို့မဟုတ်ဗုံးကြဲသည်ဆိုခြင်းကို ဟာဂါရီက ပယ်ချခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အကြောင်းအရာနှစ်မျိုး အပြိုင်ဖြစ်နေခြင်းကို စစ်ဆေးမည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် အစ္စ ရေးနှင့်ဆက်သွယ်ထားပြီး ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ အဖြေများရရှိရေးအတွက် ဖိအားပေးနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Ref: AFP