လီဗာပူးလ်နည်းပြရာထူးကို ရယူလိုကြောင်း ဖီယင်နုနည်းပြ အာနယ်ဆလော့ ဝန်ခံခဲ့ပြီး ၎င်း၏အတွေးအမြင်နှင့် ကစားပုံကြောင့် လီဗာပူးလ်နည်းပြဖြစ်နိုင်ကြောင်း ဗန်ဒိုက်ထောက်ခံ

လီဗာပူးလ်နည်းပြရာထူးကို ရယူလိုကြောင်း ဖီယင်နုနည်းပြ အာနယ်ဆလော့ ဝန်ခံခဲ့ပြီး ၎င်း၏အတွေးအမြင်နှင့် ကစားပုံကြောင့် လီဗာပူးလ်နည်းပြဖြစ်နိုင်ကြောင်း ဗန်ဒိုက်ထောက်ခံ
Photo: Sky Sports
Photo: Sky Sports
Published 27 April 2024

 

ဖီယင်နုအသင်းနည်းပြ အာနယ်ဆလော့ က ယခုရာသီကုန်တွင် လီဗာပူးလ်အသင်း နည်းပြရာထူးကို ရယူလိုကြောင်း ထုတ်ဖော် ဝန်ခံခဲ့သည်။ လီဗာပူးလ်အသင်း တာဝန်ရှိသူများသည် ရာသီကုန်တွင် လမ်းခွဲတော့မည့် ယာဂန်ကလော့ပ်၏နေရာတွင် အာနယ်ဆလော့ နှင့် အစားထိုးရန် ဧပြီ ၂၄ ရက်တွင် ဖီယင်နု အသင်းနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အာနယ်ဆလော့၏စာချုပ်မှာ ယခုနွေရာသီတွင် စာချုပ်လျော်ကြေးပေးချေရန် မလိုအပ်ဘဲ ပေါင်ကိုးသန်းဝန်းကျင်ဖြင့် ယခုရက်ပိုင်း အတွင်း သဘောတူညီမှုရရှိရန် နီးစပ်နေကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။

လီဗာပူးလ်အသင်း နည်းပြရာထူးနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် အာနယ်ဆလော့က "ကျွန်တော့်ဘက်က ပြောနိုင်တာအားလုံးကတော့ ကလပ်အသင်းတွေ ညှိနှိုင်းနေတယ် ဆိုတာပါပဲ။ ကျွန်တော်ကတော့ စောင့်ရတဲ့ အခန်းထဲမှာထိုင်နေပြီး ထွက်လာမယ့်အဖြေကို စောင့်နေပါတယ်။ ကျွန်တော်က လီဗာပူးလ်ကို သွားချင်တယ်ဆိုတာ ရှင်းပါတယ်။ အခုအချိန်မှာ ကျွန်တော်က ကလပ်အသင်းတွေ သဘောတူညီမှုရယူနိုင်မလားဆိုတာကို စောင့်နေတာပါ။ အဲဒါကို လုပ်နိုင်မယ်လို့ ကျွန်တော်ကတော့ အရမ်းယုံကြည်ပါတယ်။ အသင်းတွေက သူတို့အလုပ် လုပ်နေတာပါ။ ကျွန်တော်က အဓိကဇာတ်ကောင်အဖြစ် စောင့်နေတာပါ။ အဲဒါကို ကျွန်တော်လေးစား မှုရှိရပါမယ်။ လာမယ့်ရက်ပိုင်းထဲမှာ ရှင်းလင်းသွားမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခုလုပ်ထားပြီးဖြစ်လို့ ကျွန်တော် ဝမ်းသာပါတယ်။ ဖီယင်နုကလည်း ဒါကို လုပ်နိုင်မှာပါ။ အဲဒါက နယ်သာလန်နည်းပြတစ်ယောက်အတွက် အကောင်းဆုံးပြောင်းရွှေ့ကြေးဖြစ်မယ်လို့ ထင်ပါတယ်" ဟု ဖြေကြားခဲ့သည်။

လီဗာပူးလ်အသင်းနှင့် နယ်သာလန် လက်ရွေးစင်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်ကလည်း အာနယ်ဆလော့၏ အတွေးအမြင်နှင့် ကစားပုံကြောင့် လီဗာပူးလ် အသင်းနည်းပြ ဖြစ်လာနိုင်ကြောင်း  ထောက်ခံပြောကြားခဲ့သည်။

"အခုလောလောဆယ် ကျွန်တော့်အနေ နဲ့ အဖြေပေးဖို့ ခက်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အာနယ်ဆလော့က နယ်သာလန် နည်းပြတွေထဲမှာ ပိုကောင်းတဲ့တစ်ယောက် ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ သူ့ရဲ့ကစားပုံ၊ သူ့မှာရှိတဲ့ အတွေးအမြင်ပိုင်းတွေက လီဗာပူးလ်နည်းပြတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါက ကျွန်တော့်အမြင် သက်သက်ပါပဲ။ သတင်းတွေကို ကြားပြီးဖတ်ပြီးပါပြီ။ အဲဒါက အပြီးသတ်ဖို့ ဝေးပါသေးတယ်။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ နောက်နှစ်ကျရင် အဲဒီကိစ္စကို အာရုံစိုက်ကြတာပေါ့" ဟု ဗန်ဒိုက်က ဆိုသည်။

 

Most Read

Most Recent