စပါးနှင့်ကစားမည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အတွက် ယခုရာသီတွင် အရေးကြီးဆုံးပွဲစဉ်ဖြစ်လာမည်ဟု ဂယ်ရီိနဗီးလ် သုံးသပ်

စပါးနှင့်ကစားမည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အတွက် ယခုရာသီတွင် အရေးကြီးဆုံးပွဲစဉ်ဖြစ်လာမည်ဟု ဂယ်ရီိနဗီးလ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 27 April 2024

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က ယခုတစ်ပတ်ကစားမည့် စပါးအသင်းနှင့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ယခုရာသီတွင် အရေးအကြီးဆုံးပွဲစဉ် ဖြစ်လာမည်ဟု သုံးသပ်ပြောကြားသည်။ 

အာဆင်နယ်အသင်း သည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ အဖြစ် ယနေ့တွင် မြောက်လန် ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းကို အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။ အာဆင်နယ်အသင်းအနေဖြင့် ဧပြီလ ၂၃ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် တွင် အိမ်ကွင်း၌ လန်ဒန်ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို (၅-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ သို့သော် အဝေးကွင်းတွင် ကစားရမည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အတွက် ခက်ခဲမည်ဖြစ်ပြီး အာဆင်နယ် ကစားသမားများအနေဖြင့် အဆိုပါပွဲစဉ်အတွက် အသင့်ဖြစ်နေရန် လိုအပ်ကြောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂယ်ရီနဗီးလ်က "ချယ်လ်ဆီးနဲ့ပွဲမှာ အာဆင်နယ်ကစားတာ အရမ်းကောင်းပါတယ်။ အချက်အလက်အရပြောရရင် အဲဒီပွဲမှာ အာဆင်နယ်အသင်းရဲ့စွမ်းဆောင်မှုက အကောင်းဆုံးပါပဲ။ အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းကို ရှုံးနိမ့်တဲ့ပွဲမှာလည်း ပွဲအစ ၂၅ မိနစ်အထိ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ အရမ်းကောင်းနေပါတယ်။ ချယ်လ်ဆီးဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာ အရမ်းကောင်းခဲ့ပေမဲ့ အာဆင်နယ်နဲ့ပွဲမှာတော့ သူတို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ အာဆင်နယ် တကယ်ကောင်းခဲ့တာပါ။ ဒါပေမဲ့ အာဆင်နယ်အတွက် ဒီရာသီမှာ အရေးအကြီးဆုံးပွဲက ဒီနေ့မှာ ကစားမယ့် စပါးအသင်းနဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်ပဲ ဖြစ်ပါတယ်။ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်တွေဟာ နောက်ပိုင်းနှစ်တွေမှာ အရမ်းကို ကြည့်ကောင်းပါတယ်။ ကျွန်တော် ဘောလုံးဝေဖန်သူလုပ်ကိုင်တဲ့ ၁၁ နှစ်အတွင်းမှာ မြောက်လန်ဒန်ဒါဘီပွဲစဉ်တွေက အကောင်းဆုံးပါပဲ။ အာဆင်နယ်က စပါးပရိသတ်တွေ ပြည့်နေတဲ့ကွင်းမှာ သွားကစားရမှာပါ။ အာဆင်နယ်အနေနဲ့  မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်ကို လီဗာပူးလ်ရှုံးခဲ့သလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အာဆင်နယ်အနေနဲ့ အဲဒီလိုအဖြစ်ခံလို့ မရပါဘူး"ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ရာသီက  စပါးအသင်းကို ပရီးမီးယားလိဂ် အဝေးကွင်းတွင် (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။  သို့သော် အာဆင်နယ်အသင်းသည် စပါးအသင်း၏ကွင်းသို့ သွားရောက်ကစားခဲ့သည့် ပရီးမီးယားလိဂ် နောက်ဆုံးကိုးပွဲတွင် တစ်ပွဲ သာအနိုင်ရပြီး ခြောက်ပွဲအထိရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent