အလွန်ဆို ယခုနွေရာသီတွင် ထွက်ခွာသွားလျင်လည်း အရာအားလုံးပြိုလဲသွားမည်မဟုတ်ဟု လေဗာကူဆင်အသင်းအမှုဆောင်ချုပ် ပြောကြား

အလွန်ဆို ယခုနွေရာသီတွင် ထွက်ခွာသွားလျင်လည်း အရာအားလုံးပြိုလဲသွားမည်မဟုတ်ဟု လေဗာကူဆင်အသင်းအမှုဆောင်ချုပ် ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 13 March 2024

 

လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်း တို့၏ပစ်မှတ်ဖြစ်သည့် နည်းပြ ဇာဘီအလွန်ဆို ယခုနွေရာသီတွင် ထွက်ခွာသွားလျင်လည်း အရာအားလုံးပြိုလဲသွားမည်မဟုတ်ကြောင်း လေဗာကူဆင်အသင်းအမှုဆောင်ချုပ် ဖာနန်ဒိုကာရိုက တုံ့ပြန်ပြောကြားခဲ့သည်။

အသက် ၄၂ နှစ်သာရှိသေးသည့် လူငယ်နည်းပြ အလွန်ဆိုသည် လေဗာကူဆင်အသင်းအား စံချိန်တင် ရှုံးပွဲမရှိမှတ်တမ်းတင်ရှိနိုင်သည်အထိ ရလဒ်ပိုင်းကောင်းမွန်စေရန် စွမ်းဆောင်ပေးထားသူဖြစ်သည်။ အလွန်ဆို၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ယခုနွေရာသီတွင် နည်းပြသစ်ခန့်အပ်ရမည့် လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ၎င်းတို့၏ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူရန် ပစ်မှတ်ထားကြိုးပမ်းလျက်ရှိသည်။

ထို့ကြောင့် အလွန်ဆို၏အနာဂတ်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် လေဗာကူဆင်အသင်း အမှုဆောင်ချုပ် ကာရိုက "သူဒီမှာ ရှိနေလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဇာဘီအလွန်ဆိုက Puzzle အစိတ်အပိုင်းတစ်ခုပါ။ သူဒီမှာမရှိတော့တဲ့အချိန် ကျရင် အရာအားလုံးပြိုလဲသွားသလိုဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ထိပ်တန်းလူစာရင်းပိုင်ဆိုင်ထားပါတယ်။ နည်းပြအဖွဲ့တွေနဲ့ ဆီမွန်ရိုလ်ဖက်စ် (အားကစားဒါရိုက်တာ) လည်း ကျွန်တော်တို့ဆီမှာရှိပါတယ်။ ဒီနေရာမှာ အောင်မြင်မှုအတွက် တာဝန်ရှိသူအများစု က ဇာဘီအလွန်ဆိုနဲ့ အမှီအခိုကင်းစွာရှိနေကြတာပါ" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

လေဗာကူဆင်အသင်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ ၃၆ ပွဲကစားပြီးချိန်အထိ ရှုံးပွဲလုံးဝမရှိသေးဘဲ ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည်။ ၎င်းတို့အနေဖြင့် ဘွန်ဒစ်လီဂါ ပြိုင်ပွဲ၌ ၂၅ ပွဲကစား၊ ၂၁ ပွဲနိုင်၊ လေးပွဲသရေ၊ ရမှတ် ၆၇ မှတ်ဖြင့် ဒုတိယနေရာမှ ဘိုင်ယန် မြူးနစ်အသင်းကို ၁၀ မှတ်အထိဖြတ်ထားနိုင်ပြီဖြစ်သည်။ ထို့ပြင် သွင်းဂိုး ၆၃ ဂိုးရရှိထားပြီး ဘိုင်ယန်မြူးနစ်အသင်း (၇၃ ဂိုး) ပြီးလျှင် ဒုတိယဂိုးအများဆုံးအသင်းဖြစ်သလို ပေးဂိုး ၁၆ ဂိုးသာရှိကာ ပေးဂိုးအနည်းဆုံးအသင်းအဖြစ်လည်း ရပ်တည်နေသည်။ 

လေဗာကူဆင်အသင်းသည် ဂျာမန်ဖလားပြိုင်ပွဲတွင် လေးပွဲကစား၊ လေးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရပြီး ဆီမီးဖိုင်နယ်ရောက်ရှိနေသလို ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ခုနစ်ပွဲကစား၊ ခြောက်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ၁၆ သင်းအဆင့် တက်ရောက်ထားသည်။     လေဗာကူဆင်အသင်းသည် ယခုနှစ် ဇူလိုင်တွင် အသင်းတည်ထောင်သည့်သက်တမ်း နှစ် ၁၂၀ ပြည့်မြောက်မည်ဖြစ်ပြီး သမိုင်းတစ်လျှောက် ပထမဆုံး ဘွန်ဒစ်လီဂါအမှတ်ပေးချန်ပီယံဆု ဆွတ်ခူးရယူနိုင်ရန် မျှော်လင့်ချက်ရှိနေပြီဖြစ်သည်။ ဆိုစီဒက်၊ အီဘာ၊ လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားခဲ့ဖူးသူ အလွန်ဆိုသည် လေဗာကူဆင်အသင်းမတိုင်မီ ဆိုစီဒက် (ခ) အသင်းကိုသာ သုံးရာသီကြာ ကိုင်တွယ်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent