ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် မြန်မာကစားသမားများထဲမှ ကွင်းလယ်တိုက်စစ်ကစားသမား လွင်မိုးအောင် ဂိုးသွင်းယူ

ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် မြန်မာကစားသမားများထဲမှ ကွင်းလယ်တိုက်စစ်ကစားသမား လွင်မိုးအောင် ဂိုးသွင်းယူ
Photo: Rayong FC
Photo: Rayong FC
Published 18 March 2024

၂၀၂၃ - ၂၀၂၄ ရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲကို ပြီးခဲ့သည့် မတ် ၁၆၊ ၁၇ ရက်များက ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကစားသမားများထဲမှ ကွင်းလယ်တိုက်စစ်ကစားသမား လွင်မိုးအောင်မှာ ရရောင်းအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် ၂၉ တွင်  ကွင်းလယ်တိုက်စစ်ကစားသမား လွင်မိုးအောင်၏ ရရောင်းအသင်းမှာ အိမ်ကွင်းတွင် ချန်သာဘူရီအသင်းနှင့် ကစားခဲ့ရပြီး(၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ယင်းပွဲတွင် လွင်မိုးအောင်မှာ ရရောင်းအသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ပွဲကစားချိန်(၅၆) မိနစ်တွင် အသင်းဖော်၏ ခေါင်းတိုက်ချပေးမှုကို ရင်ဘတ်နှင့်ထိန်ကာ ဂိုးဧရိယာထဲသို့ ဘောလုံးကိုဆွဲယူသွားပြီး ဂိုးသမားနှင့် အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းဂိုးမှာ လွင်မိုးအောင်အနေဖြင့် ယခုရာသီ ရရောင်းအသင်းအတွက် ခုနှစ်ဂိုးမြောက်သွင်းယူပေးခဲ့သည့်ဂိုးဖြစ်သည်။

လွင်မိုးအောင်သည် ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ရာသီကတည်းက ရရောင်းအသင်းတွင်  သွားရောက်ကစားနေသူဖြစ်ပြီး အသင်း၏ အမာခံကစားသမားအဖြစ် ကစားခွင့်ရရှိနေသလို ခြေစွမ်းပြနိုင်ကာ ဂိုးများပါ သွင်းယူပေးနေကြောင်း သိရ သည်။

တိုက်စစ်မှူးအောင်ကေားမာန်၏ နာခွန်ရတ်ချာဆီမာအသင်းမှာ အိမ်ကွင်းတွင် အယုတ္တရယူနိုက်တက်ကို(၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲတွင် အောင်ကောင်းမာန်မှာ နာခွန်ရတ်ချာဆီမာအသင်း၌ ပွဲထွက်ကစားခွင့်ရရှိခဲ့သော်လည်း ပွဲကစားချိန်(၆၈) မိနစ်တွင် လူစားလဲခံခဲ့ရသည်။

တိုက်စစ်မှူး ဆွမ်လမန်၏ ပတ္တရားယူနိုက်တက်အသင်းမှာ  အဝေးကွင်းတွင် ဆူဖန်ဘူရီအသင်းကို(၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆွမ်လမန်မှာမူ ပွဲကစား ချိန်(၆၀) မိနစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရရှိခဲ့သည်။

တောင်ပံတိုက်စစ်ကစားသမား စည်သူအောင်၏ ဆာမတ်ပရာကန်အသင်းမှာ အိမ်ကွင်းတွင် နောင်ဘူရီအသင်းနှင့်(၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီး စည်သူအောင်မှာမူ ပွဲကစားချိန်(၅၈) မိနစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရရှိခဲ့သည်။

တိုက်စစ်မှူးသန်းပိုင်၏ ချင်းမိုင်ယူနိုက်တက်မှာ အဝေးကွင်းတွင် နာခွန်ဆီအသင်းကို(၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း သန်းပိုင်မှာမူ မြန်မာ့လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနေသောကြောင့် ဝင်ရောက်ကစားခွင့်မရခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent