မူဆယ်မြို့ရှိ လောင်းကစားရုံတစ်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မူဆယ်မြို့ရှိ လောင်းကစားရုံတစ်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ
Published 28 April 2024

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ မန့်ဝန်း( ၂ )လမ်း ရှိ လောင်းကစားရုံအတွင်းသို့ ဧပြီလ ၂၇ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က လက်ပစ်ဗုံးဟုယူဆရသော အရာဖြင့်ပစ်ပေါက်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတစ် ဦးတို့ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လောင်းကစားရုံအတွင်းရှိစက်ပစ္စည်းနှင့် အဆောက်အဦးတို့ပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပွားမှုအပြီး လက်နက်ငယ်ပစ်ခတ်သံများကြားခဲ့ရကြောင်း မန့်ဝန်းလမ်းတွင်နေထိုင်သူတစ်ဦးက Eleven Media ကိုပြောကြားသည်။

''ပေါက်ကွဲသံက ကျယ်တယ်။ အိမ်ပါတုန်တယ်။ အဲ့ပေါက်ကွဲသံအပြီး လက်နက်ငယ်ပစ်ခက်သံကြားရတယ်။ နောက် လက်နက်ကိုင်ဆောင်ထားတဲ့ ပြည်သူ့စစ်ယူနီဖေါင်းဝတ်ဆင်ထားသူရောက်လာပြီး အော်ဟစ်ဆဲဆိုနေတာတွေကြားရတယ်။ နောက် တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။ပရဟိတကားတစ်စီးရောက်လာပြီး လူတစ်ယောက်တင်သွားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ အိမ်စီးကားနဲ့တင်သွားတယ်''ဟု မန့်ဝန်း၂ လမ်းတွင်နေထိုင်သူက Eleven Media ကိုပြောကြားသည်။

အဆိုပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး၏ဦးခေါင်းထိမှန်ကာ ကျန်အမျိုးသားတစ်ဦးမှာ ခါးထိခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ခြေထောက်တို့ထိမှန်ခဲ့ကာ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်းသိရပြီး သဒ်ဒါဖွူစငျပရဟိတကားနှငျ့ အိမ်စီးကားတို့ဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မူဆယ်မြို့ တာဝန်ရှိသူများထံ Eleven Media အနေဖြင့် ဖုန်းဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပေ။

အဆိုပါ လက်ပစ်ဗုံးဟုယူဆရသောပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ အခွန်ဆက်ကြေးမပေးဆောင်ခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများအကြားပြောဆိုမှုများရှိနေပြီး Eleven Media အနေဖြင့် မည်သူမည်ဝါပြုလုပ်ခဲ့သည်နှင့် ဖြစ်စဉ်အကြောင်းအရာအား သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မူဆယ်မြို့သည် တရုတ် မြန်မာ နယ်စပ်မြို့ဖြစ်သည်နှင့်အညီ မူယစ်ဆေးဝါး၊လောင်းကစား နှင့် လက်နက်မှောင်ခိုဈေးကွက်များအလွယ်တကူဝယ်ယူရရှိနိုင်ရာ လက်နက်ကိုင် ဆောင်ထားသည့် လူအစုအဖွဲ့များက မူဆယ်မြို့ပေါ်ရှိ ဒေသခံပြည်သူများထံ အွန်လိုင်းစာပို့ ငွေညှစ်တောင်းခံခြင်း၊ လက်ပစ်ဗုံးပို့ကာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ငွေ မပေးသူများကို သေနတ်ပစ်ခတ် ဖမ်းဆီးခြင်း၊ ဓားပြတိုက်မှုနှင့် လူပြန်ပေးဆွဲမှုများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ ယခုနှစ် ၂၀၂၄ ခုနှစ် ဧပြီလ ဆန်းပိုင်းအထိ မကြာခဏ လုပ်ဆောင်လာခြင်းကြောင့် မူဆယ် မြို့ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း မူဆယ်မြို့မိမြု့ဖများက Eleven Media ကို ပြောကြားထားသည်။

Most Read

Most Recent