သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာအကြားတွင် ရထားမိုင်းထိမှန်ပြီး ရထားလမ်းနှင့်တွဲများ ပျက်စီးနေသဖြင့် မော်လမြိုင်ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာအကြားတွင် ရထားမိုင်းထိမှန်ပြီး ရထားလမ်းနှင့်တွဲများ ပျက်စီးနေသဖြင့် မော်လမြိုင်ရထားခရီးစဉ်များ ယာယီဖျက်သိမ်း
Published 11 April 2024

သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာ အကြားတွင် ရထားမိုင်းထိမှန်ပြီး ရထားလမ်းနှင့်တွဲများ ပျက်စီးနေသဖြင့် မော်လမြိုင်ခရီးစဉ်များ ယာယီဖျက်သိမ်းထားကြောင်း မော်လမြိုင်ဘူတာကြီးက ကြေညာထားသည်။

သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ရထား လမ်းသိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ဧပြီ ၁၀ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့် က ကျောက်တင်ကုန်ရထားတစ်စင်း မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယင်းကြောင့် ရထားမိုင်းထိမှန်၍ ရထားလမ်းနှင့်တွဲများ ပျက်စီး၍ လမ်းပိုင်းပိတ်ဆို့နေသဖြင့် ဧပြီ ၁၁ ရက်တွင် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့်သင်္ကြန်အစုန် အထူး မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားနှင့် သင်္ကြန်အဆန်အထူး ရန်ကုန်-မော်လမြိုင်ရထား ခရီးစဉ်များအား ယာယီဖျက်သိမ်း၍ ဝယ်ယူထားသော အထက်တန်း၊ ရိုးရိုးတန်း လက်မှတ်ခငွေများအား မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် ပြန်အမ်းပေးနေကြောင်း ဘူတာကြီးက ကြေညာထားသည်။

ပိတ်ဆို့နေသောလမ်းပိုင်းအား မြန်မာ့ မီးရထားတာဝန်ရှိသူများမှ လမ်းပိုင်းအမြန်ဆုံး ပြန်လည် ဖွင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ရထားပြန်လည်ပြေးဆွဲနိုင်မည့်ရက်အား အချိန်နှင့်တပြေးညီ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး၏ ကြေညာချက်အရ သိရသည်။

Most Read

Most Recent