Noncompete Agreement နှင့် အလုပ်သမားများအနာဂတ် 

Noncompete Agreement နှင့် အလုပ်သမားများအနာဂတ် 
Published 12 May 2024
ရွှေသင် ( MPP)

လက်ရှိလုပ်ကိုင်နေသည့်အလုပ်မှ အခြားအလုပ်တစ်ခုသို့ရွှေ့ပြောင်းလုပ်ကိုင်ခြင်းသည် လုပ်ခလစာတိုးမြှင့်ရရှိနိုင်ရေးအားထုတ်မှုတွင် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ သို့သော် အလုပ်ရှင်များသည် ၎င်းတို့၏အလုပ်သမားများ အလုပ်ဝင်ရောက်စဉ်ကတည်းက Noncompete Agreement များ၊  Noncompete Clauses များတွင် ကတိပြုလက်မှတ်များ ရေးထိုးစေပြီး ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်ထားသည်ဖြစ်ရာ အလုပ်သမားများအဖို့ လက်ရှိလုပ်ကိုင်နေသည့်အလုပ်မှ လစာပိုမိုကောင်းမွန်သည့်အလုပ်များကို ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရန် ထင်သလောက်မလွယ်ကူ။ ခက်ခဲမှုများ ပိုမိုဖြစ်နေသည်။  

          “ယှဉ်ပြိုင်မှု မပြုလုပ်ရ သဘောတူညီချက် (Noncompete Agreement) သည် အလုပ်ရှင်များ၏ အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရေးဖြစ်သည်။ ထိုသဘောတူညီချက်တွင်ပါရှိသည့်  Noncompete Clauses ၏ ရည်ရွယ်ချက်မှာ အလုပ်သမားအနေဖြင့်  လုပ်ငန်းတစ်ခုတွင် ၎င်းဝင်ရောက်လုပ်ကိုင်နေစဉ် အချိန်အတွင်း သိရှိသင်ယူခဲ့သော လုပ်ငန်းဆိုင်ရာ လျှိ့ဝှက်ရမည့်သတင်းအချက်အလက်များကို ၎င်းလုပ်ငန်းမှ ထွက်သွားချိန်တွင် မူလလုပ်ငန်းရှင်၏ ပြိုင်ဘက်များထံ သို့ မယူဆောင်သွားစေရေး သေချာစေရန်ဖြစ်သည်။ အကယ်၍  ထိုကဲ့သို့ သဘောတူစာချုပ်ချုပ်ဆိုထားခြင်းမရှိခဲ့ပါက အလုပ်သမားသည် လုပ်ငန်း၏အရေးပါသည့် အချက်အလက်များကို အခြားလုပ်ငန်း၊ ပြိုင်ဘက်တစ်ဦးဦးကို အကြောင်းအမျိုးမျိုးဖြင့်ပေးရန် ဖြစ်လာနိုင်သည်။  

          အမေရိကန်အလုပ်သမားများသည် ယခုနှစ်နောက်ပိုင်း၌ ၎င်းတို့၏အနာဂတ်ပြောင်းလဲနိုင်မည့်အခြေအနေရှိသည်ဟု ထင်မြင်နေကြသည်။ အမေရိကန် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ အခွင့်အရေးများနှင့်ပတ်သက်၍ လုပ်ဆောင်နေသည့် Federal Trade Commission က အလုပ်ရှင်၊ အလုပ်သမားစာချုပ်များတွင် ပါရှိသည့် Noncompete Clauses စာပိုဒ်အများစုသည် တရားမျှတမှုမရှိဟု ကြေညာလျက် စည်းမျဉ်းသစ်တစ်ခုကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။   

          စည်းမျဉ်းသစ်သည် အလုပ်သမားများအတွက် အကာအကွယ်ပေးထား၏။ အလုပ်ရှင်-အလုပ်သမား သဘောတူညီချက်များ လက်မှတ်ရေးထိုးရာ၌   Noncompete Clauses ၏ ဥပဒေအရအကျိုးသက်ရောက်မှုကို ကန့်သတ်ထားပြီး အလုပ်သမားများ လက်မှတ်ထိုးခြင်းကိုလည်း တားမြစ်ထားသည်။ ထိုအခြေအနေသည် အလုပ်သမားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် တရားမျှတသော ယှဉ်ပြိုင်မှုတို့ကို တွန်းအားပေးနိုင်ရေးအတွက် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်သည်။

          Noncompete Agreement သည် လုပ်ငန်းတစ်ခုမှ အလုပ်သမားများ အလုပ်ထွက်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအတွင်း ယခင်ကလုပ်ငန်းနှင့် အပြိုင်လုပ်ငန်းတစ်ခုတွင် ပါဝင်လုပ်ကိုင်ခြင်း သို့မဟုတ် လုပ်ငန်းသစ်တစ်ခုကို စတင်လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ထားသော အလုပ်အကိုင်ပြဋ္ဌာန်းချက်များဖြစ်သည်။ အမေရိကန်နိုင်ငံရှိ လွတ်လပ်သော သုတေသနပညာရှင်အဖွဲ့ဖြစ်သည့် စီးပွားရေးမူဝါဒအင်စတီကျု (the Economic Policy Institute) က ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားလေးဦးတွင် တစ်ဦးထက်ပိုသော အလုပ်သမားများသည် အလုပ်အကိုင်အခြေအနေလိုအပ်ချက်အရ သဘောတူညီချက်များ လက်မှတ်ရေးထိုးထားကြသည်။   

          ထိုသဘောတူညီချက်များသည် အသိပညာဆိုင်ရာ အလုပ်အကိုင်များနှင့် စက်မှုလုပ်ငန်းများတွင်လုပ်ကိုင်နေသော လုပ်ခလစာမြင့်အလုပ်သမားများနှင့် ပတ်သက်မှုမရှိပေ။ တစ်နာရီလျှင် ပျမ်းမျှလုပ်အားခ အမေရိကန်ဒေါ်လာ ၁၃ အောက်ရရှိသော ပုဂ္ဂလိကလုပ်ငန်းခွင်များ၏ လေးပုံတစ်ပုံ (၂၉ ရာခိုင်နှုန်း) ကျော်  အလုပ်သမားအားလုံးကို ကန့်သတ်ထိန်းချုပ်ရန် Noncompete Agreement အသုံးပြုခဲ့သည်ဟု စစ်တမ်းတစ်ခု၏ရလဒ်ကဖော်ပြနေသည်။ သမဂ္ဂအဖွဲ့ဝင်မဟုတ်သော အလုပ်သမားများ၏ တစ်ခုတည်းသောစွမ်းရည်မှာမူ အခြေအနေပေါ်မူတည်ကာ အလုပ်ထွက်၍ အခြားတစ်နေရာရှိလုပ်ငန်းတစ်ခုကို လုပ်ကိုင်နိုင်သည်။ သို့သော် အလုပ်ရှင်များသည် အလုပ်သမားများ၏ စိတ်ဓာတ်ခွန်အားလျော့ပါးကျဆင်းလာစေရန် Noncompete Agreement များကို  ဆက်လက်အသုံးပြုလျက်ရှိနေသည်။  

          Noncompete Agreement များ၏ စီးပွားရေးသက်ရောက်မှု သုတေသနတစ်ခု၏ရလဒ်တွင်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။    အလုပ်သမားများကို ပိုမိုကောင်းမွန်သော အခွင့်အလမ်းများရှာဖွေခြင်းမှ ဟန့်တားထိန်းချုပ်ထားခြင်းဖြင့် အလုပ်ရှင်များအတွက် လုပ်ခကုန်ကျစရိတ်ကျဆင်းစေခြင်း ၊ လုပ်ငန်းအသစ်များ ဖွဲ့စည်းပေါ်ပေါက်မှုလျော့နည်းခြင်း အကျိုးကျေးဇူးတို့ ရရှိစေသည်။ တစ်နည်းဆိုသော် အလုပ်သမားပြိုင်ဘက်များနှင့် ပူးပေါင်းခြင်း သို့မဟုတ် ၎င်းတို့ကိုယ်ပိုင်လုပ်ငန်း စတင်ခြင်းမလုပ်နိုင်စေရန် ကန့်သတ်ထိန်းချုပ်ခြင်းဖြင့် Noncompete Agreement များသည် တစ်ဦးချင်းအသက်မွေးဝမ်းကျောင်းမှုကိုသာမက လုပ်ခလစာတိုးတက်မှုကိုပါ တားဆီးထားလျက် ကျယ်ကျယ်ပြန့်ပြန်ရှိနေသည့် စီးပွားရေးတိုးတက်ပြောင်းလဲမှုကို အဟန့်အတားဖြစ်စေသည်။ အမှန်တွင်     အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏လုပ်ငန်းလျှို့ဝှက်ချက်များကို ကာကွယ်ရန်အတွက် Noncompete Agreement မလိုအပ်။ ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေ (Intellectual property law) က  ၎င်းတို့လုပ်ငန်းဆိုင်ရာလျှို့ဝှက်ချက်များနှင့်ပတ်သက်၍ သိသာထင်ရှားသော ဥပဒေအကာအကွယ်များကို ပေးထားပြီးဖြစ်သောကြောင့်ပင်။  

          ထို့ပြင် Noncompete Agreement များကို  အလုပ်သမားများကို ဘေးဒုက္ခဖြစ်စေသည့် ယှဉ်ပြိုင်မှုကိုဆန့်ကျင်သော အလုပ်ရှင်၏ အပြုအမူ၊ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ဆက်စပ်ချည်နှောင်ထားသေးသည်။  ဥပမာအားဖြင့် အလုပ်သမားများကိုထိန်းချုပ်ရန် အနည်းဆုံး Noncompete Agreement လိုအပ်သည့် စစ်တမ်းကောက်ယူထားသော ကုမ္ပဏီထက်ဝက်ကျော်သည် ၎င်းတို့၏အလုပ်ရှင်များနှင့် အငြင်းပွားမှုများကို ဖြေရှင်းရန် တရားရုံးစနစ်ထက် ခုံသမာဓိအဖွဲ့ဖြင့် ကျင့်သုံးရန် အလုပ်သမားများနှင့် သဘောတူညီမှုရယူထားသည်။

          Noncompete Agreement များသည်  စီးပွားရေးအဆောက်အအုံအတွင်း ယှဉ်ပြိုင်လုပ်ကိုင်မှုများ လျော့ကျခြင်းနှင့် သက်ဆိုင်သည်။ အလုပ်သမားများ အတွက်လည်းကောင်း၊ ဝယ်ယူစားသုံးသူများအတွက်လည်းကောင်း၊ နိုင်ငံ့စီးပွားရေးအတွက်လည်းကောင်း ကောင်းသည့်အရာမဟုတ်ပေ။ Federal Trade Commission က ထိုအခြေအနေများကို ဟန့်တားနိုင်ရန်နှင့် အလုပ်သမားများ လုပ်ခလစာမြင့်တက်မှုရှိလာစေရန်အတွက်  စည်းမျဉ်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အလုပ်သမားထု အကျိုးစီးပွားကို  အထောက်အကူဖြစ်စေမည့် စီးပွားရေးတစ်ခု  ဖန်တီးနိုင်မည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဟု ယုံကြည်နေကြသည်။  

Ref: https://www.eurasiareview.com

Most Read

Most Recent