နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်း တိုက်ခတ်

နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်း တိုက်ခတ်
နေမုန်တိုင်းတိုက်ခတ်မှုကြောင့် ထွက်ပေါ်လာသည့် ဥတ္တရရောင်ခြည်များကို မေ ၁၀ ရက်က စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့၏ ကောင်းကင်ယံတွင်တွင် တွေ့ရစဉ်(Photo: AFP)
နေမုန်တိုင်းတိုက်ခတ်မှုကြောင့် ထွက်ပေါ်လာသည့် ဥတ္တရရောင်ခြည်များကို မေ ၁၀ ရက်က စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့၏ ကောင်းကင်ယံတွင်တွင် တွေ့ရစဉ်(Photo: AFP)
Published 11 May 2024

နှစ်ပေါင်း ၂၀ ကျော်အတွင်း အင်အားအပြင်းဆုံး နေမုန်တိုင်းတစ်ခု မေ ၁၀ ရက်က  တိုက်ခတ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ်မှ ဗြိတိန်နိုင်ငံအထိ ညဘက်ကောင်းကင်ယံတွင် လှပသည့် ရောင်ခြည်များကို မြင်တွေ့ခဲ့ရပြီး ယခုသီတင်းပတ် ကုန်ကာလအတွင်း ဂြိုဟ်တုဆက်သွယ်ရေးများနှင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မည့်အလားအလာရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နေမုန်တိုင်းဟု လူသိများသည့် နေမျက်နှာပြင်ပေါ်တွင် ဓာတ်ငွေ့များနှင့် သံလိုက်လှိုင်းများ ပေါက်ကွဲမှုသည် ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၄ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း အမျိုးသားအဏ္ဏဝါနှင့် လေထုအုပ်ချုပ်ရေးအဖွဲ့(NOAA)၏ အာကာသ မိုးလေဝသခန့်မှန်းရေးစင်တာက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ထိုမုန်တိုင်းကို အလွန်ပြင်းထန်သည့် ပထဝီသံလိုက် မုန်တိုင်းအဖြစ်သတ်မှတ်ဖော်ပြခဲ့ပြီး ယင်းမုန်တိုင်းသည် ၂၀၀၃ ခုနှစ်အောက်တိုဘာလက ဆွီဒင်တွင် လျှပ်စစ်ဓာတ်အားများပြတ်တောက်ပြီး တောင်အာဖရိကတွင် စွမ်းအင်အခြေခံ အဆောက်အအုံများကို ထိခိုက်စေသည့် ဟော လိုးဝင်းမုန်တိုင်းများအပြီးတွင် ပထမဆုံးတိုက်ခတ်သည့် မုန်တိုင်းဖြစ်သည်။

လာမည့်ရက်ပိုင်းများအထိ နေမျက်နှာပြင်တွင် ပေါက်ကွဲမှုများဆက်လက်ဖြစ်ပွားနေဖွယ်ရှိကြောင်း NOAA က ထုတ်ပြန်ခဲ့သည်။

ဥရောပမြောက်ပိုင်းနှင့် သြစတြေးလျနိုင်ငံတွင် နေထိုင်သူများသည် နေမုန်တိုင်းတိုက်ခတ်မှုကြောင့် ကောင်းကင်ယံတွင် လှပသည့် ရောင်ခြည်များကို မြင်တွေ့ခဲ့ရပြီး ထိုရောင်ခြည်များကို ရိုက်ကူးထားသည့်ဓာတ်ပုံများသည် လူမှုမီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

“ညဘက်မှာ ကျွန်တော်တို့နိုးလာပြီး ကောင်းကင်မှာဥတ္တရရောင်ခြည်တွေကို သာမန်မျက်စိနဲ့ တွေ့ခဲ့ရပါတယ်”ဟု အင်္ဂလန်နိုင်ငံ ဟတ်ဖို့မြို့ရှိ လာအင်မန်းစ်ဖီးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

အာဏာပိုင်များက ဂြိုဟ်တုဆက်သွယ်ရေးထိန်းချုပ်စခန်းများ၊ လေကြောင်းလိုင်းများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ထိန်းချုပ်သူများကို နေမုန်တိုင်းကြောင့် ကမ္ဘာ့သံလိုက်စက်ကွင်း အပြောင်းအလဲများ ဖြစ်ပွားပြီး ဆက်သွယ်ရေးတွင် အနှောက်အယှက်များနှင့် ကြုံတွေ့ရနိုင်သဖြင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် အကြောင်းကြားထားသည်။

သမိုင်းတွင် အင်အားအပြင်းဆုံး ပထဝီသံလိုက်မုန်တိုင်းသည် Carrington Event အမည်ရှိ မုန်တိုင်းဖြစ်ပြီး ၁၈၅၉ ခုနှစ်က ဖြစ်ပွားခဲ့သည်။                   

Ref: AFP

Most Read

Most Recent