ကျိုက်ထိုမြို့နယ် ကော့ထင်း ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကျိုက်ထိုမြို့နယ် ကော့ထင်း ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 24 April 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းအောင်မှာ ယမန်နေ့ ဧပြီ ၂၃ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းအောင် မှာ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်ပြီးနောက် ကော့ထင်းကျေးရွာဘက်သို့ ပြန်လာစဉ် ရွာအဝင် ငပိဂိုဒေါင်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရွာဥက္ကဋ္ဌက ခရိုင်ထွေ/အုပ်ရုံးမှာ အစည်းအဝေးသွားပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန်မှာ အခင်းဖြစ်ပွားရာ ကော့ထင်းရွာအဝင် ငပိဂိုဒေါင်အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာပါ။ ဦးဝင်းအောင်က အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့ရပါတယ်” ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်  ဦးဝင်းအောင်တွင် ညာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာဘက်ပါး ကျည်ရှပ်မှန် ဒဏ်ရာ (၁) ချက်၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဒဏ်ရာ (၁) ချက်၊ ညာဘက် ပေါင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်နှုတ်ခမ်းအပေါ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး အခင်းဖြစ်သည့်နေရာမှာပင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့သည့် ဦးဝင်းအောင် ၏ ရုပ်အလောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ယာဉ်ဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ပစ်ခတ်သတ်ဖြတ်မှုများမကြာခဏ ဖြစ်ပွားလေ့ရှိရာ ဧပြီလ (၁၈) ရက်ကလည်း ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်နေ ဦးအောင်ကျော် ဆိုသူနှင့် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ငြိမ်း တို့မှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ (၁၉) ရက်ရက်ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးအောင်ဇော်ဦး ဆိုသူမှလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent