ဝုလ်ဗ်နှင့်ပွဲတွင် မန်စီးတီးအသင်းအတွက် တစ်ဦးတည်း(၄)ဂိုးသွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုရရှိရန် ဟာလန်း အပြတ်အသတ်ရေပန်းစားလာ

ဝုလ်ဗ်နှင့်ပွဲတွင် မန်စီးတီးအသင်းအတွက် တစ်ဦးတည်း(၄)ဂိုးသွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုရရှိရန် ဟာလန်း အပြတ်အသတ်ရေပန်းစားလာ
Photo : Getty Images
Photo : Getty Images
Published 6 May 2024

မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟာလန်းသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် ဝုလ်ဗ်အသင်းဘက်သို့ တစ်ဦးတည်း(၄)ဂိုးသွင်းယူခဲ့ပြီးနောက်  ယခုရာသီ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုရရှိရန် အပြတ်အသတ်ရေပန်းစားလာကြောင်း သိရသည်။

ဟာလန်းသည် ဝုလ်ဗ်နှင့်ပွဲတွင် (၄)ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ယခုရာသီပရီးမီးယားလိဂ်၌ သွင်းဂိုး(၂၅)ဂိုး ရှိသွားခဲ့ပြီဖြစ်ပြီး ဒုတိယနေရာမှ ချယ်လ်ဆီးတိုက်စစ်ကစားသမား ပါလ်မာကို (၄)ဂိုးဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ရာသီအဆုံးသတ်ရန်လည်း နီးကပ်လာပြီဖြစ်သည့်အတွက် ဟာလန်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ဂိုး သွင်းဘုရင်ဆုရရှိရန် ပြိုင်ဘက်များထက် ပြတ်ပြတ်သား သားရေပန်းစားလာခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်ဂိုး သွင်းဘုရင်ဆုအတွက် အလေးပေးမှုတွင် ဟာလန်းက (၁း၃၃)လေးရရှိနေပြီး ပါလ်မာက (၃၃း၁)လေး၊ အီဆက်ခ် (နယူးကာဆယ်)က (၄၀း၁)လေး၊  ဝပ်ကင်စ်(အက်စတွန်ဗီလာ)က (၆၆း၁)လေး ရရှိနေခြင်းဖြစ်သည်။ ဟာလန်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် ပရီးမီးယားလိဂ်ဂိုး သွင်းဘုရင်ဆုကို (၃၆ ဂိုး)ဖြင့် ရယူနိုင်ခဲ့သူဖြစ်ပြီး ယခုအခါ နှစ်ရာသီဆက်ရရှိရန် အလားအလာများနေခြင်းဖြစ်သည်။

ဟာလန်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဟက်ထရစ်(၄)ကြိမ်ရရှိခဲ့ပြီး ယခုရာသီတွင် ဟက်ထရစ်(၂)ကြိမ်ရရှိထားသည်။ ထို့ကြောင့် ပရီးမီးယားလိဂ်၌ စုစုပေါင်း ဟက်ထရစ်(၆)ကြိမ် ရရှိခဲ့ပြီဖြစ်ရာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံး ကစားသမားစာရင်းတွင် အဆင့်(၈)နေရာ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်၌ ဟက်ထရစ်အများဆုံးသွင်းယူနိုင်သည့်ကစားသမားအဖြစ် စံချိန်တင်ထားသူမှာ မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုး(၁၂ ကြိမ်)ဖြစ်ကြောင်း သိရသည်။ ဟာလန်းသည် ပြီးခဲ့သည့်ရာသီက ဟက်ထရစ်(၄)ကြိမ်သွင်းယူခဲ့ရာတွင် တစ်ပွဲတည်း(၄)ဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် ယခုမှ မန်စီးတီးအသင်းအတွက် ပထမဆုံးအကြိမ် တစ်ပွဲတည်း(၄)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဟာလန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပထမပိုင်းမှာပင် ဟက်ထရစ်(၂)ကြိမ်သွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဟာလန်းသည် ဝုလ်ဗ်နှင့်ပွဲ၌ ပထမပိုင်းတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို၊ ပြီးခဲ့သည့်ရာသီက နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင်လည်း ပထမပိုင်း၌ ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာ လန်းမတိုင်မီ ပထမပိုင်း၌ ဟက်ထရစ်(၂)ကြိမ် သွင်းယူ နိုင်သည့် ကစားသမားနှစ်ဦးမှာ မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်နှင့် လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်တို့ဖြစ်ကြောင်း သိရသည်။

ဟာလန်းသည် မန်စီးတီးအသင်းအတွက် နှစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး (၈၈)ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်သောကြောင့် ဒေါ့မွန်အသင်းအတွက် (၃)ရာသီအတွင်း သွင်းယူခဲ့သော ပြိုင်ပွဲစုံသွင်းဂိုး (၈၆)ဂိုးကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။ ဟာလန်းသည် ပြီးခဲ့သည့်ရာသီကလောက် ယခုရာသီတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အပြင် ဆိုးရွားသည့် လွဲချော်မှုများရှိခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကိုမူ နှစ်ရာသီဆက်ရရှိရန် နီးစပ်နေသည်။

Most Read

Most Recent