မိမိဆက်ရှိခဲ့လျှင် လာမည့်ရာသီ၌ လီဗာပူးလ်အသင်း ရုန်းကန်ရနိုင်သည်ဟု ကလော့ပ် ဆိုခဲ့ပြီး အသင်း၏ပွဲများကို အန်ဖီးလ်ကွင်းတွင် လာရောက်ကြည့်ရှုအားပေးမည်ဟု ပြောကြား

မိမိဆက်ရှိခဲ့လျှင် လာမည့်ရာသီ၌ လီဗာပူးလ်အသင်း ရုန်းကန်ရနိုင်သည်ဟု ကလော့ပ် ဆိုခဲ့ပြီး အသင်း၏ပွဲများကို အန်ဖီးလ်ကွင်းတွင် လာရောက်ကြည့်ရှုအားပေးမည်ဟု ပြောကြား
Photo : Getty Images
Photo : Getty Images
Published 6 May 2024

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းတွင် မိမိဆက်ရှိခဲ့လျှင် လီဗာပူးလ်အသင်းအနေဖြင့် လာမည့်ရာသီ၌  ရုန်းကန်ရနိုင်သည်ဟု ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်(၅၆ နှစ်)သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်၍ ၎င်းကို လီဗာပူးလ်နည်းပြအဖြစ် နောက်ထပ်(၂)ပွဲသာ မြင်တွေ့ရတော့မည် ဖြစ်သည်။ ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းနှင့် ရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အသိပေးကြေညာခဲ့စဉ်က ဖလား(၄)လုံးအောင်ပွဲကို မျှော်လင့်နိုင်သည့်အခြေအနေရှိခဲ့သော်လည်း ယခုအခါ လိဂ်ဖလားအောင်ပွဲတစ်ခုနှင့်သာ အဆုံးသတ်ရဖွယ်ရှိနေသည်။ လီဗာပူးလ်အသင်းသည် FA ဖလားနှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့တွင် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် အမှတ်ပြတ်သွားသည့်အတွက် ချန်ပီယံမျှော်လင့်ချက် ပြယ်လွင့်ခဲ့ရခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ရာသီအဆုံးသတ်ပိုင်းတွင် ရလဒ်များကျဆင်းခဲ့ပြီး ယင်းသို့ဖြစ်ရခြင်းမှာ ယာဂန်က လော့ပ် လမ်းခွဲတော့မည့်အခြေအနေ၏ ရိုက်ခတ်မှုကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ ထို့ပြင် နည်းပြအပြောင်းအလဲကြောင့် လီဗာပူးလ်အသင်းအနေဖြင့် လာမည့်ရာသီ၌ ရုန်းကန်ရဖွယ်ရှိကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။ သို့သော် ယာဂန်ကလော့ပ်ကမူ ၎င်းဆက်ရှိနေခဲ့လျှင်လည်း လာမည့်ရာသီ၌ ပိုမိုချောမွေ့လိမ့်မည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

"ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းမပြနိုင်တော့ လူတွေက ကျွန်တော့်ကို ပင်ပန်းနေပုံပေါက်တယ်လို့ ပြောကြတာ ကြားရပါတယ်။ ကျွန်တော် အိုမင်းနေပေမဲ့ နောက်ဆုံးနေ့အထိ (၁၀၀)ရာခိုင်နှုန်း ပေးဆပ်သွားမှာပါ။ သေချာတာကတော့ ကျွန်တော် အသင်းနဲ့လမ်းခွဲဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် လာမယ့်ရာသီမှာ အခက်တွေ့နိုင်ပါတယ်။ အသင်းမှာ ဆက်ရှိမယ်ဆိုရင် စွမ်းအင်အပြည့်ရှိရမှာပါ။ (၈၀) ရာခိုင်နှုန်းနဲ့ မလုံလောက်ပါဘူး။ အဲဒါ အမှန်တရားပါ။ အဲဒါ ဒီအလုပ်က အချိန်ပြည့်မြှုပ်နှံထားရတာပါ။ ဘဝမှာ ဒီထက် အရေးပါတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီအရာကို တကယ်အလေးထားမယ်ဆိုရင်တော့ တစ်ပတ်လုံး၊ နှစ်ဆယ့်လေး နာရီလုံး အလုပ်လုပ်ရမှာပါ။ ဒီလိုမျိုး ကျွန်တော် အချိန်အကြာကြီး လုပ်ခဲ့ပြီးပါပြီ။ လီဗာပူးလ်လိုအသင်းအတွက် လုံလောက်တဲ့ စံနှုန်းနဲ့ ကျွန်တော် ရှေ့ဆက်မလုပ်နိုင်တော့ဘူးလို့ သိခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်း၏နည်းပြသစ်က မိမိကို မလာစေချင်ခဲ့လျှင်ပင် မိမိသည် လီဗာပူးလ်အသင်း၏ ပွဲစဉ်များကို အန်ဖီးလ်ကွင်းတွင် လာရောက်ကြည့်ရှုမည်ဟုလည်း ပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းသည် အိမ်ကွင်း နောက်ဆုံးပွဲတွင် ယာဂန်ကလော့ပ်ကို နှုတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ပေးဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent