ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ကစားသမား(၂၆)ဦးသို့ တိုးမြှင့်ရွေးချယ်ခွင့်ပေး

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ကစားသမား(၂၆)ဦးသို့ တိုးမြှင့်ရွေးချယ်ခွင့်ပေး
Photo: Getty Images
Photo: Getty Images
Published 6 May 2024

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ဂျာမနီနိုင်ငံ၌ ကျင်းပမည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ကစားသမားရွေးချယ်မှုကို (၂၃) ဦးမှ (၂၆) ဦးသို့ တိုးမြှင့်ပေးရန် အတည်ပြုဆုံးဖြတ်လိုက်ကြောင်း သိရသည်။

(၁၇) ကြိမ်မြောက် ယူရိုပြိုင်ပွဲကို ဂျာမနီနိုင်ငံ၌ ဇွန် (၁၄) ရက်မှ ဇူလိုင် (၁၄) ရက်အထိ မြို့ (၁၀) မြို့ရှိ ကွင်း (၁၀)ကွင်း၌ ကျင်းပမည်ဖြစ်သည်။

ပုံမှန်အားဖြင့် အဓိကပြိုင်ပွဲများတွင် ကစားသမားရွေးချယ်မှုကို (၂၃) ဦးသာ သတ်မှတ်ထားသော်လည်း COVID-19 ရောဂါ ဖြစ်ပွားပြီးနောက် ကျင်းပသည့် ယူရို-၂၀၂၀ (၂၀၂၁ ခုနှစ်သို့ ပြောင်းလဲကျင်းပ) နှင့် ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၂၆) ဦးအဖြစ် တိုးမြှင့်ရွေးချယ်ခွင့်ပြုခဲ့သည်။

ထို့ကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း (၂၆) ဦးရွေးချယ်ခွင့်ပြုရန် နည်းပြများ၏တောင်းဆိုမှုကို UEFA က လိုက်လျောခဲ့ခြင်းဖြစ်သည်။

ယူရို-၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်းများအနေဖြင့် အပြီးသတ်လူစာရင်းကို ဇွန် (၇ )ရက် နောက်ဆုံးထား၍ ရွေးချယ်ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများအနက် (၂၆)ဦး မရွေးချယ်လိုသည့်အသင်း ရှိခဲ့ပါက အနည်းဆုံးကစားသမား (၂၃)ဦးစာရင်းဖြင့် ယှဉ်ပြိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent