နည်းပြသစ် ရှာဖွေနေသည့် ကနေဒါလက်ရွေးစင်အသင်း၏ လျာထားစာရင်းတွင် လမ်းပတ် ပါဝင်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်ခြင်းဖြစ်

နည်းပြသစ် ရှာဖွေနေသည့် ကနေဒါလက်ရွေးစင်အသင်း၏ လျာထားစာရင်းတွင် လမ်းပတ် ပါဝင်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်ခြင်းဖြစ်
Photo: Getty Images
Photo: Getty Images
Published 8 April 2024

ချယ်လ်ဆီးနှင့် အဲဗာတန်အသင်းတို့၏ နည်းပြဟောင်း ဖရန့်လမ်းပတ်သည် ကနေဒါလက်ရွေးစင်အသင်း၏ နည်းပြသစ် လျာထားစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

ကနေဒါလက်ရွေးစင်အသင်းသည် အင်္ဂလန်နည်းပြ ဟက်ဒ်မန်းနှင့်  လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကနေဒါလူမျိုး မော်ရိုဘီယယ်လိုက ယာယီနည်းပြအဖြစ် ဆောင်ရွက်နေသည်။

ဟက်ဒ်မန်းသည် နယူးဇီလန်အမျိုးသမီးအသင်းနှင့် ကနေဒါအမျိုးသမီးအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင် ကနေဒါအသင်းနှင့် လမ်းခွဲကာ မေဂျာလိဂ်ကလပ် တိုရွန်တိုအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

ကနေဒါအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်သောကြောင့် ထိပ်တန်းနည်းပြတစ်ဦးကို ခန့်အပ်တာဝန်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

လမ်းပတ်(၄၅ နှစ်)သည် နည်းပြလောကသို့ ကူးပြောင်းဝင်ရောက်ရာတွင် ဒါဘီ၊ ချယ်လ်ဆီးနှင့် အဲဗာတန်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီကုန်ခါနီး၌ ချယ်လ်ဆီးအသင်း၏ ယာယီနည်းပြအဖြစ် နောက်ဆုံးဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေသည်။

၎င်းသည် နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်လိုပြီဖြစ်ကြောင်း မကြာမီက ဝန်ခံပြောကြားခဲ့ပြီးနောက် ယခုအခါ ကနေဒါလက်ရွေးစင်အသင်းက နည်းပြသစ်လျာထားစာရင်းတွင် ၎င်းကို ထည့်သွင်းထားကြောင်း The Telegraph က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကနေဒါအသင်းသည် နည်းပြသစ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဓိကရည်ရွယ်ခြင်းဖြစ်သော်လည်း ဇွန်လ၌ ကျင်းပမည့် ကိုပါအမေရိကပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကနေဒါအသင်းသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် အာဂျင်တီးနား၊ ပီရူး၊ ချီလီတို့နှင့်အတူ အုပ်စု(A)တွင် ကျရောက်နေကြောင်း သိရသည်။

Most Read

Most Recent