မရေရာသည့် အနာဂတ်နှင့် ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်၏ အများပြည်သူသုံးဂျစ်ကားများ

မရေရာသည့် အနာဂတ်နှင့် ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်၏ အများပြည်သူသုံးဂျစ်ကားများ
Photo-AFP
Photo-AFP
Published 5 May 2024

ဖိလစ်ပိုင်နိုင်ငံ၏ လမ်းများပေါ်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး အများပြည်သူသုံးဂျစ်ကားများ ပေါ်ပေါက်လာခဲ့သည်။ ယင်းကဲ့သို့ ဆူညံပြီး မီးခိုးများထွက်နေသည့် မော်တော်ယာဉ်များသည် မူလက လက်ကျန်အမေရိကန် ဂျစ်ကားများမှ ကနဦးဒီဇိုင်း ထွင်ဖန်တီးပြုလုပ်ထားခြင်းဖြစ်ကာ နောက်ပိုင်းတွင် တဖြည်းဖြည်း နိုင်ငံ့သင်္ကေတတစ်ရပ်ဖြစ်လာခဲ့သည်။

နှစ်ခုနစ်ဆယ်အကြာ၌ အရောင်အသွေးစုံလင်စွာ ဒီဇိုင်းပုံဖော်ထားသည့် ယင်းမော်တော်ယာဉ်များနေရာတွင် ခေတ်သစ်မီနီဘတ်စ်များ အစားထိုးအသုံးပြုရန် အစီအစဉ်ကြောင့် ၎င်းတို့တည်ရှိမှု အခြေအနေသည် ခြိမ်းခြောက်မှုတစ်ရပ်နှင့် ရင်ဆိုင်လာရသည်။

ပြင်ဆင်ရလွယ်ကူပြီး စျေးသက်သာစွာ စီးနင်းနိုင်သည့် ယင်းမော်တော်ယာဉ်များသည် အရွယ်အစားနှင့် အရှည်ပိုမိုကြီးမားလာကာ နိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေးစနစ်တွင် ကျောထောက်နောက်ခံဖြစ်လာခဲ့ပြီး ခရီးသည်များ၊ ကုန်ပစ္စည်းများကို သယ်ဆောင်ပေးပြီး ပုပ်ရဟန်းမင်းကြီး ဖိလစ်ပိုင်သို့လာ ရောက်ချိန်၌ပင် ယင်းမော်တော်ယာဉ်ကို စီးနင်းခဲ့သည်။

သို့သော် အစိုးရက နိုင်ငံ၏ဖရိုဖရဲဖြစ်နေသော အများပြည်သူပို့ဆောင်ရေးစနစ်ကို ခေတ်နှင့်အညီပြုပြင်ရန် မဟာဗျူဟာတစ်ရပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အများပြည်သူသုံးဂျစ်ကားများကို အစားထိုး မည့်ကနဦး အစီအစဉ်သည် ယင်းအထင်ကရမော်တော်ယာဉ်များ၏ အနာဂတ်ကို မသေမချာမှုများနှင့်ကြုံတွေ့လာရသည်။

“ဒါကကြီးမားတဲ့ထိုးနှက်ချက် တစ်ရပ်ပါ”ဟု အများသုံးဂျစ်ကား ထုတ်လုပ်သည့် Sarao Motors ၏ လုပ်ငန်းဆောင်ရွက်ရေးကြီးကြပ်သူ လီယွန်နာ့တ်ဆာရောင်က ဆိုသည်။

တည်ထောင်သူ လီယိုနာ့တ် ဆယ်ဗာဒိုဆာရောင်သည် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်အစောပိုင်းတွင် စက်ပစ္စည်းသုံး အများပြည်သူပို့ဆောင်ဆက်သွယ်ရေးကို ပြုလုပ်ရန်အတွက် မြင်းလှည်းမောင်းနှင်မှုကို လက်လျှော့ခဲ့ပြီးနောက် Sarao Motorsသည် အများပြည်သူ သုံးဂျစ်ကားများကို ထုတ်လုပ်သည်ပထမဆုံး ကုမ္ပဏီများတွင် အပါအဝင် ဖြစ်လာခဲ့သည်။

မြို့တော် မနီလာရှိ မိသားစုပိုင် ကုမ္ပဏီ၏ ကျယ်ပြောသောစက်ရုံရှိ ထုတ်လုပ်မှုသည် ၁၉၇၀ ပြည့် နှစ်ဝန်းကျင်နှင့် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တို့တွင် အမြင့်ဆုံးရောက်ရှိခဲ့ကာ အလုပ်သမားများသည် တစ်လလျှင် အစီးရေ ၅၀ မှ ၆၀ အထိ ထုတ်လုပ်ခဲ့ကြသည်။

ဆယ်စုနှစ်များစွာအကြာတွင် အခြားရွေးချယ်စရာ ပို့ဆောင်ဆက်သွယ်ရေးယာဉ်များ ပေါ်ပေါက်လာ ခဲ့ပြီးနောက် ဝယ်လိုအား သိသိသာသာ ကျဆင်းခဲ့သည်။၂၀၁၄ခုနှစ် နောက်ပိုင်းတွင် Sarao Motors သည် တစ်လလျှင် အများပြည်သူသုံး ဂျစ်ကားအစီးရေ ၁၀ စီးအောက်သာ ထုတ်လုပ်ခဲ့သည်။

သို့သော် ယင်းသည် ၂၀၁၇ ခုနှစ်က နိုင်ငံအတွင်း ဂျစ်ကားများကို တစ်ဆင့်ချင်း ဖယ်ရှားမည့် အစိုးရ၏ အစီအစဉ်ကြောင့်ဖြစ်ပြီး ထိုအစဉ်အစဉ်သည် ဂျစ်ကားများ ထုတ်လုပ်မှုကို လျော့ကျစေခဲ့သည်။

လက်ရှိတွင် သိသာစွာ ကျဆင်းလာသည့် လုပ်သားအင်အားစုသည်  လေးလမှ ခြောက်လအတွင်း ဂျစ် ကားတစ်စီးကိုသာ ထုတ်လုပ်နိုင်တော့သည်ဟု ဆာရောင်စီနီယာ၏ မြေးဖြစ်သူ ဆာရောင်က ပြောကြား ခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွေကတည်းက ကျွန်တော်တို့မှာ ဖောက်သည်တွေရှိခဲ့ပါတယ်။ သူတို့ဟာ ဂျစ်ကားတွေကို ဆက်ဝယ်နေကြပြီး သူတို့ပိုင်ဆိုင်တဲ့ ဂျစ်ကားအစီးရေကို ပိုမိုများပြားအောင် လုပ်ဆောင်နေပါတယ်”ဟု ဆာရောင် (၃၁ နှစ်)က ပြောကြားခဲ့သည်။

“အစိုးရရဲ့ အစီအစဉ်သစ်ကြောင့် ဝယ်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့ သံသယတွေ ရှိလာခဲ့ကြပါတယ်။ ဖောက်သည်တွေက သူတို့ဝယ်ယူတဲ့ ဂျစ်ကားဟာ လာမည့်နှစ်တွေအတွင်း လမ်းတွေပေါ်မှာ မောင်းနှင်ခွင့်ရ မရဆိုတာ မသေချာတဲ့အတွက် စိုးရိမ်နေကြတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် လုံခြုံရေးစည်းကမ်းများကို ပြည့်မီစေသည့် ခေတ်သစ် ဂျစ်ကားများကို Sarao Motors က ထုတ်လုပ်နိုင်သော်လည်း ထိုသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဂျစ်ကားတစ်စီးကို ထုတ်လုပ်မှုသည် မူလလက်ဟောင်း ဂျစ်ကားတစ်စီးထုတ်လုပ်မှုကုန်ကျ စရိတ်ထက် သုံးဆမှ လေးဆအထိ ပိုမိုများပြားသည်ဟု ဆာရောင်က ပြောကြားခဲ့သည်။

                             Ref:AFP

Most Read

Most Recent