ထိုင်းအစိုးရက ကာစီနိုရုံများကို တရားဝင်ခွင့်ပြုရန် စဉ်းစားနေ

ထိုင်းအစိုးရက ကာစီနိုရုံများကို တရားဝင်ခွင့်ပြုရန် စဉ်းစားနေ
ပုံစာ - ၂၀၂၃ ခုနှစ် သြဂုတ် ၂၁ ရက်က ဘန်ကောက်မြို့တော်ရှိ ဖြူထိုင်းပါတီဌာနချုပ်တွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်းဝန်ကြီးချုပ်ဆရီထာ ထာဝီဆင်းကို တွေ့ရစဉ် (Photo-AFP)
ပုံစာ - ၂၀၂၃ ခုနှစ် သြဂုတ် ၂၁ ရက်က ဘန်ကောက်မြို့တော်ရှိ ဖြူထိုင်းပါတီဌာနချုပ်တွင် မိန့်ခွန်းပြောကြားနေသည့် ထိုင်းဝန်ကြီးချုပ်ဆရီထာ ထာဝီဆင်းကို တွေ့ရစဉ် (Photo-AFP)
Published 29 March 2024
Ref:Reuters

ထိုင်းအစိုးရသည် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုရေးအတွက် ဥပဒေမူကြမ်းရေး ဆွဲရန် စဉ်းစားနေပြီး ထိုဥပမေူကြမ်းကို လွှတ်တော်က အတည်ပြုခဲ့မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံ့ဝင်ငွေများ ပိုမိုများပြားလာနိုင်ကာ အကြီးစားဖျော်ဖြေရေး စီမံကိန်းတစ်ခု ဖန်တီးရန် လမ်းပွင့်သွားစေနိုင်ကြောင်း ဝန်ကြီးချုပ် ဆရီထာထာဝီဆင်းက မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ကာစီနိုရုံများသည် ထိုင်းနိုင်ငံတွင် တရားမဝင်ဘဲ နိုင်ငံက ထိန်းချုပ်ထားသည့် မြင်းပြိုင်ပွဲများနှင့် ထီများကိုသာ လောင်းကစားခွင့်ပြုထားသည်။

လောင်းကစားကို တရားမဝင်သတ်မှတ်ထားသော်လည်း တရားမဝင်ဖွင့်လှစ်ထားသည့် ကာစီနိုရုံများနှင့် ဘောလုံးပွဲလောင်း ကစားများရှိနေသည်။

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအကြီးဆုံး ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍကို မြှင့်တင်ရန်အတွက် ကာစီနိုရုံများကို ခွင့်ပြုရန် စဉ်းစားနေကြောင်း မတ် ၂၈ ရက်နှောင်းပိုင်းက ထွက်ရှိလာသည့် လွှတ်တော်၏ လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ကာစီနိုအသိုင်းအဝိုင်းကလည်း ထိုင်းနိုင်ငံတွင် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုခြင်းသည် ပြည်ပခရီးသွားများကို ဆွဲဆောင်ရာတွင် အလွန်အောင်မြင်မှုရရှိလိမ့်မည်ဖြစ်ကြောင်း၊ တရုတ်တွင် တရုတ်နိုင်ငံသားများ တရားဝင်လောင်းကစားပြုလုပ်နိုင်သည့် ကမ္ဘာ့အကြီးဆုံးလောင်းကစားရပ်ဝန်းဖြစ်သည့် မက္ကာအို၏ ကာစီနိုလောင်းကစားစျေးကွက်ကို ခိုင်မာစွာ ယှဉ်ပြိုင်နိုင်လိမ့်မည်ဖြစ်ကြောင်း ယူဆထားကြသည်။

“သမားရိုးကျမဟုတ်တဲ့ စီးပွားရေးနဲ့ အခွန်ကောက်ခံမှုကို ကျွန်တော်တို့ စည်းနဲ့ကမ်းနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ လောင်းကစားကို မြှင်တင်ချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် လောင်းကစားကို စည်းကမ်းတကျကြီးကြပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်စေဖို့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို အသုံးချသွားမှာပါ” ဟု ဆရီထာက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် လောင်းကစားကို တရားဝင်ခွင့်ပြုရေးနှင့်ပတ်သက်ပြီး ယခင်ကတည်းက ဆွေးနွေးခဲ့ကြသော်လည်း ပြည်သူများ၏ ကန့်ကွက်မှုကြောင်း မည်သည့်အစိုးရကမျှ ရှေ့တိုးလုပ်ဆောင်ခဲ့ခြင်းမရှိပေ။

ထိုင်းတွင် တရားမဝင်ဖွင့်ထားသည့် ကာစီနိုရုံများရှိသော်လည်း ထိုင်းနိုင်ငံသား အများစုသည် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံ နှင့် အခြားကာစီနိုရုံများတည်ရှိနေသည့် နေရာများကိုသာ သွားရောက်ကစားလေ့ရှိသဖြင့် လောင်းကစားလုပ်ငန်းကို ထောက်ခံသူများက နိုင်ငံအတွင်းမှာသာ ကာစီနိုရုံများကို ဖွင့်သင့်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent