တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် ယွမ် ငါးသန်းတန်ဖိုးရှိ အကူအညီပေးများ ပေးအပ်မည် ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ဆုတံဆိပ် ချီးမြှင့်

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် ယွမ် ငါးသန်းတန်ဖိုးရှိ အကူအညီပေးများ ပေးအပ်မည် ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ဆုတံဆိပ် ချီးမြှင့်
Published 27 April 2024

တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ယွမ် ငါးသန်းတန်ဖိုးရှိ အကူအညီပေးများပေးအပ်မည်ဖြစ်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ဆုတံဆိပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန်၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ - တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိပြီး ယင်းခရီးစဉ်အတွင်း အထက်ပါအကူအညီများနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်သဘောခရီးစဉ်အတွင်း ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်း ရဲတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းဝေ့အန်းဟိုတယ် (Beijing Rui An Hotel) ၌ မြန်မာ-တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပရာ နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသနေ ပြည်သူများ ဘေးကင်း လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အမြစ်ပြတ် ပပျောက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန်ရပ်တည်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ယွမ် ငါးသန်းတန်ဖိုးရှိ အကူအညီပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်းသိရသည်။

ယင်းနောက်နိုင်ငံရပ်ခြားမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်သော အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် Golden Great Wall Commemorative Medal ဆုတံဆိပ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် က နစကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်အား ဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နစကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

Most Read

Most Recent