ဧပြီ ၈ ရက်က ကမ္ဘာ့အပူဆုံးမြို့ ၁၀ မြို့တွင် မြန်မာနိုင်ငံမှ ချောက်၊ မင်းဘူး၊ ညောင်ဦး၊ မကွေး၊ မန္တလေးမြို့များ ပါဝင်

ဧပြီ ၈ ရက်က ကမ္ဘာ့အပူဆုံးမြို့ ၁၀ မြို့တွင် မြန်မာနိုင်ငံမှ ချောက်၊ မင်းဘူး၊ ညောင်ဦး၊ မကွေး၊ မန္တလေးမြို့များ ပါဝင်
Published 8 April 2024

ဧပြီ ၈ ရက်က ကမ္ဘာ့အပူဆုံးမြို့ ၁၀ မြို့တွင် မြန်မာနိုင်ငံမှ ချောက်၊ မင်းဘူး၊ ညောင်ဦး၊ မကွေး၊ မန္တလေးမြို့များ ပါဝင်ကြောင်း Eldoradoweather ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၈ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့အဖြစ် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ချောက်မြို့က အပူချိန် ၄၆ ဒသမ ၄ စင်တီဂရိတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။

အပူဆုံးမြို့ ၁၀ မြို့တွင် ချောက်မြို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ မြို့လေးမြို့လည်း ပါဝင်နေသည်ကို တွေ့ရသည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အဆင့် ၁ အဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့မှာ ၄၄ ဒသမ ၈ စင်တီဂရိတ်ဖြင့် အဆင့်သုံးနေရာတွင်လည်းကောင်း၊ မကွေးတိုင်း မင်းဘူးမြို့နှင့် မကွေးမြို့များမှာ  ၄၄ ဒသမ ၅ စင်တီဂရိတ်ဖြင့် အဆင့် ၄ နှင့် ၅ တွင်လည်းကောင်း၊ မန္တလေးမြို့မှာ ၄၃ ဒသမ ၈ စင်တီဂရိတ်ဖြင့် အဆင့် ၁၀ နေရာတွင်လည်းကောင်း ဧပြီ ၈ ရက် ထုတ်ပြန်ချက်အရ ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ အပူဆုံးမြို့ ၁၀ မြို့တွင် နိုင်ဂျာနိုင်ငံမှ နှစ်မြို့၊ မာလီနိုင်ငံမှ မြို့တစ်မြို့၊ အိန္ဒိယနိုင်ငံမှ တစ်မြို့၊ အိုမန်နိုင်ငံမှ တစ်မြို့တို့လည်း ပါဝင်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အပူချိန် ၄၃ ဒသမ ၆ စင်တီဂရိတ်ဖြင့် အဆင့် ၁၃ နေရာတွင် တည်ရှိလျက်ရှိသည်ကို Eldoradoweather ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ဧပြီ ၆ ရက်တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အပူချိန်စံချိန်သစ်တင်ခဲ့သည်ဟု သိရသည်။

နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၇ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း၊ အလားတူ ညောင်ဦးမြို့၌ စခန်းဖွင့်သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၅ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဟဲဟိုးမြို့၌ စခန်းဖွင့်သည့် နှစ်မှစ၍ နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း၊ လွိုင်လင်မြို့၌ စခန်းဖွင့်သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၇ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၆ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှ ဒေသအနှံ့ သမိုင်းတွင်စေသည့် အပူလှိုင်းကျရောက်နေသည်ဟု ရာသီဥတုပညာရှင်နှင့် မိုးလေဝသသမိုင်းပညာရှင်ဖြစ်သည့် မက်စီမီလီယာနိုဟာရဲရားက ပြောကြားခဲ့သည်။

Most Read

Most Recent