ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို ရှစ်ကြိမ်ခန့် ဖမ်းဆီး ဖော်ထုတ်ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား

ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို ရှစ်ကြိမ်ခန့် ဖမ်းဆီး ဖော်ထုတ်ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးပြောကြား
Published 15 March 2024

ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို ရှစ်ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

မတ်လ ၁၄ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) တွင် ပြည်ထဲရေးဝန်ကြီးထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့သည်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် ပတ်သက်နေမှုများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annam ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ ၂၀၁၇ ခုနှစ်အတွင်း ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သည့်အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို (၈)ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်း၊ AA အဖွဲ့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများအား ပြည်တွင်းသတင်းများ၌သာ ကြေညာခဲ့ပြီး နိုင်ငံတကာအထိသိရှိအောင် ဆောင်ရွက်ရမည်ဖြစ်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်မငြိမ်မှုများအပေါ် အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွင်းရှိ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုများနှင့် ဆက်စပ်ပတ်သက်နေသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များမှ စစ်ဆေးဖော်ထုတ် တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများမှရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းခြင်းဆောင်ရွက်ကာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည့်လုပ်ရပ်များ လုပ်ဆောင် နေကြသည်ကိုလည်း တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

မူးယစ် ဆေးဝါးပြဿနာသည် ကမ္ဘာနှင့်အဝှမ်း လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြု နေသည့် ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှု များသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေလျက် ရှိပါကြောင်း၊မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က မူးယစ်ဆေးဝါးထုတ်လုပ်မှုကိုကြည့်ပါက လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်နေရာများ၊ အုပ်ချုပ်မှုအလှမ်းဝေးသည့်နေရာများ၊ ဖွံ့ဖြိုးမှုနောက်ကျသည့် နေရာများ၊ လုံခြုံရေးတည်ငြိမ်မှုမရှိသည့်နေရာများနှင့် လူသူအရောက်အပေါက်နည်းပြီး တောတောင် ထူထပ်သည့်နေရာများတွင် စိုက်ပျိုးထုတ်လုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက် တရုတ်ဖြူတို့ မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ချိန်မှစပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာခဲ့ကြောင်း၊ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီမှစပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများမှ ၎င်းတို့ ရေရှည်ရပ်တည် နိုင်ရေးအတွက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့လုပ်ကိုင်လာခြင်းကြောင့် ရှမ်းပြည်နယ်သည် ကမ္ဘာတွင် ဘိန်းထုတ်လုပ်မှုအများဆုံးဆိုသည့် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့ကြောင်း ​ပြည်ထဲရေးဝန်ကြီးကပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ သောင်းကျန်းသူအဖွဲ့များအနေဖြင့်  နိုင်ငံအတွင်း  တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်လျက်ရှိပြီး ၎င်းအခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို လုပ်ဆောင်နေကြသည်ကို တွေ့ရှိ ရမှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များကို မြန်မာနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် သောင်းကျန်းသူအဖွဲ့များသည် အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်လျက်ရှိနေ ပါကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဖက်ဖက်မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းကဆိုသည်။

ထို့အတူ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့နိုင်ငံများနှင့်အတူ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် နိုင်ငံတော်၏လုံခြုံရေးအထိ ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်အဖြစ် ရင်ဆိုင်နေရကြောင်း၊ ယခင်က ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကပြဿနာတစ်ရပ်ဖြစ်ခဲ့သော်လည်း ယခုအခါ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ ပိုမိုကြီးထွားကျယ်ပြန့်လာခဲ့ပြီး Happy Water ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးအသစ်များသည်လည်း နေ့စဉ်နှင့်အမျှ ပေါ်ထွက်နေသည်ကို ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ တွေ့ရှိရမှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အထူးစစ်ဆင်ရေး ၃၉ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစစ်ဆင်ရေး Operation 39/24(2024) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် ဓာတု ပစ္စည်းထိန်းချုပ်ရေးကဏ္ဍသည်လည်း အလွန်အရေးကြီးသဖြင့် ဓာတုပစ္စည်းများလမ်းလွဲမရောက်ရှိ စေရေးအတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်သလို ဓာတုပစ္စည်းများဆိုင်ရာ လုပ်ငန်းရှင်များ ကိုလည်း ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ၊ သတ်မှတ်စည်းကမ်းချက်များ၊ အရေးယူခြင်းဆိုင်ရာ ပြစ်ဒဏ်များ သိရှိစေရန်အတွက် အသိပညာပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ယနေ့ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် တစ်နိုင်ငံတည်း ဆောင်ရွက်၍မရဘဲ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသ တွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UNODC AFPI DEA NNCC ONCB တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ဆက်လက်၍ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးစစ်အေးတို့မှ ရှေ့ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များ တင်ပြခြင်း၊ တွဲဖက်အတွင်းရေးမှူးမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက် များအပေါ် သုံးသပ်တင်ပြခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအမံများ တင်ပြခြင်း၊ တက်ရောက်လာသူများက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်ချက်/ အကြံပြုချက်များအား တင်ပြခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါအစည်းအဝေးသို့ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့  ဒုတိယဥက္ကဋ္ဌများဖြစ်သည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ များမှ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်(၅၀) ဦးမှ လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ (၄၅) ဦးမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် လည်းကောင်း စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent