ကော့ကရိတ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း နေအိမ်အလုံး ၂၀ဝ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးငြှိမ်းသတ်သူမရှိသည့်အတွက် မီးဆက်လက် လောင်ကျွမ်းနေဟုဆို

ကော့ကရိတ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း နေအိမ်အလုံး ၂၀ဝ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးငြှိမ်းသတ်သူမရှိသည့်အတွက် မီးဆက်လက် လောင်ကျွမ်းနေဟုဆို
Published 14 March 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်  ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ်အလုံး (၂ဝဝ) ကျော် မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိတွင်လည်း မီးငြှိမ်းသတ်သူ မရှိသည့်အတွက် မီးဆက်လက်ကူးစက်လောင်ကျွမ်း နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

 

အဆိုပါ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး  KNU နှင့် PDF ပူးပေါင်း အဖွဲ့များဘက်ကလည်း လက်နက်ကြီးများ၊ ဒရုန်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း  ဒေသခံမြို့ခံများ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည့်အပြင် မြို့ခံပြည်သူများ၏ နေအိမ်များလက်နက်ကြီးထိမှန်ပျက်စီးခြင်း၊ မီးလောင်ပျက်ဆီးမှုများရှိခဲ့ကြောင်း စစ်ဘေးရှောင်မြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။

၄င်းကဆက်လက်ပြီး “အစောပိုင်း မီးလောင်မှုဖြစ်စဉ်တွေမှာတော့ မြို့ပေါ်မှာလူနည်းနည်းပါးပါးကျန်သေးတော့ အတတ်နိုင်ဆုံး ဝိုင်းငြှိမ်းခဲ့ကြလို့ ဆိုးဆိုးဝါးဝါးသိပ်မဖြစ်ခဲ့ဘူး။ နောက်ပိုင်းတိုက်ပွဲ တွေပြင်းထန်လာတော့  မြို့ပေါ်မှာလူတွေလည်းမရြှိတော့ဘူး။ အဲ့ဒီနောက်ပိုင်းမီးလောင်မှုတွေကိုတော့ ငြှိမ်းမယ့်သူတွေမရှိတော့လို့ နေအိမ်တော်များများ မီးလောင်ပျက်စီးကုန်တယ်” ဟု ပြောကြားသည်။

ထို့ပြင် မတ်လ ၁၁ ရက်က ကော့ကရိတ်မြို့ အမှတ် (၆) ရပ်ကွက်ရှိ နေအိမ်အလုံး (၂၀) ကျော် ထပ်မံမီးလောင်ပျက်စီးခဲ့သည့်အပြင်၊ မတ်လ ၁၂ ရက်ကလည်း ကော့ကရိတ်မြို့ အမှတ် (၄) ရပ်ကွက်ရှိနေအိမ်များလည်း မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မြို့ခံပြည်သူများက ဆိုသည်။

“ကော့ကရိတ်မြို့ထဲနဲ့ အနီးဝန်းကျင်မှာ တပ်ဘက်ကရော PDF တွေပါရှိနေတယ်။ နှစ်ဖက်လုံးက လက်နက်ကြီးတွေနဲ့ ပစ်လိုက်၊ ဒရုနုးတွေနဲ့ ပစ်လိုက်လုပ်နေကြတာ။ အဲ့ဒီတော့ မြို့ထဲအိမ်တွေ လက်နက်ကြီးတွေ၊ ဗုံးတွေ ထိမှန်ပြီး မီးလောင်မှုတွေဖြစ်နိုင်တယ်” ဟု ကော့ကရိတ်မြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။

ကော့ကရိတ်မြို့အတွင်း ဖြစ်ပွားနေသည့် မီးလောင်မှုများအား မီးငြှိမ်းသတ်မည့်သူမရှိသည့်အတွက်ကြောင့် မီးကူးစက်လောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။

ကော့ကရိတ်မြို့ အတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးနေမှုနှင့် ပတ်သက်ပြီး နေအိမ်များကို တပ်မတော်က မီးရှို့ခဲ့သည်ဟုလည်းကောင်း၊ KNU၊ PDF ပူးပေါင်းအဖွဲ့များက မီးရှို့ခဲ့သည်ဟုလည်းကောင်း တပ်မတော် နှင့် KNU၊ PDF ပူးပေါင်းအဖွဲ့များ နှစ်ဘက် အပြန်အလှန် ပြောကြားမှုများရှိသည်။ 

Most Read

Most Recent