သထုံမြို့နယ် တောင်စွန်း ရွာ နှင့် ကမာဆိုင် ရွာကြား ရန်ကုန် - မော်လမြိုင် ရထားလမ်းတွင် ထောင်ထားသည့် အဝေးထိန်းမိုင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့

သထုံမြို့နယ် တောင်စွန်း ရွာ နှင့် ကမာဆိုင် ရွာကြား ရန်ကုန် - မော်လမြိုင် ရထားလမ်းတွင် ထောင်ထားသည့် အဝေးထိန်းမိုင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့
Published 6 April 2024

မွန်ပြည်နယ် သထုံမြို့နယ် တောင်စွန်းကျေးရွာ နှင့် ကမာဆိုင်ကျေးရွာကြား ရန်ကုန် - မော်လမြိုင်ရထားလမ်းတွင် ထောင်ထားသည့် အဝေးထိန်းမိုင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

ဧပြီ ၅ ရက်  နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က  ကမာဆိုင်ကျေးရွာ နှင့် တောင်စွန်ကျေးရွာကြား ၊ ရထားလမ်းမိုင်တိုင်အမှတ် (၇၄) နှင့် (၇၅) ကြားရှိ မီးရထားလမ်း ချောင်းကူးတံတားတွင် ထောင်ထားသည့် အဝေးထိန်း အချိန်ကိုက်မိုင်းအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့ ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“ဒေသခံတွေက ရထားလမ်းမှာ မိုင်းထောင်ထားတာကို တွေ့ကြလို့ သက်ဆိုင်ရာကို အကြောင်းကြားလာလို့ လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဝေးထိန်း မိုင်းအား ဖယ်ရှား ရှင်းလင်း ခဲ့ရာတွင် အဝါရောင်ပုံးနှင့် အပြည့်ထည့်ထားသည့် Ammonium Nitrate များနှင့် TNT ယမ်းအားပြင်း နှစ်ထုပ်၊ ယမ်းကြိုးခွေများ၊ ဓါတ်ခဲများနှင့် အဝေးမှ ဖောက်ခွဲဖျက်ဆီးမည့် လမ်းလျှောက်စကားပြောစက် တစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

ထို့နောက်သက်ဆိုင်ရာမှ ထိုအဝေးထိန်းမိုင်းအား အသက်မဲ့အောင်ပြုလုပ်ပြီးနောက် သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း နှင့် သထုံမြို့နယ်များတွင်းရှိ ရန်ကုန် - မော်လမြိုင် ရထားလမ်းပို်ငးတွင် ရထားလမ်းများ၊ လူစီး နှင့် ကုန်တင်ရထားများ မကြာခဏမိုင်းခွဲတိုက်ခိုက်ခံရလေ့ရှိရာ ပြီးခဲ့သည့် မတ်လ (၁၈) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းဘူတာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကလိကျေးရွာသို့ သွားရောက်မည့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင် (၁၄) တွဲပါ အမှတ် (၆၈၆) ကျောက်တင်ကုန်ရထားမှာ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ ရထားလမ်းမိုင်တိုင်အမှတ် (၁၂၃/၁) နှင့် (၁၂၂/၂၃) ကြား ပေါက်ကူးတံတားအမှတ် (၇၅) အရောက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသေးသည်။

မိုင်းထောက်ဖေါက်ခွဲဖျက်ဆီးခံရမှုကြောင့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင်း (၁၄) တွဲပါ ကုန်တင်ရထားမှာ ကုန်တွဲ (၂) တွဲ လမ်းချော်သွားကာ၊ ကုန်တွဲ (၅) တွဲမှာ တိမ်းမှောက်သွားကြောင်း၊ ရထားလမ်းမှာလည်း ပေ (၂၀) ခန့် ပျက်ဆီးသွားခဲ့ရကြောင်း နှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ထိုအခြေအနေကြောင့် မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားကာ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးခဲ့သည့် ရထားပေါင်းကူးတံတား နှင့် ရထားလမ်းပိုင်းတို့အား သက်ဆိုင်ရာ မြန်မာ့မီးရထားဌာနမှ ပြန်လည်ပြုပြင်မှုများလုပ်ဆောင်နေချိန်တွင်လည်း Drone နှင့် Drop Bomb ချတိုက်ခိုက်ခံရသည့်အတွက်ကြောင့် ရထားပေါင်းကူးတံတားနှင့် ရထားလမ်းပိုင်းပြင်ဆင်ရန် ကြန့်ကြာနေခဲ့ရပြီး မတ်လ (၂၅) ရက်နေ့မှသာ ရန်ကုန် - မော်လမြိုင် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent