မန္တလေး၊ ပြည်၊ ရန်ကုန် အစရှိသည့် ဒေသများတွင် အပူရှိန်ကြောင့် သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများလည်းရှိနေ

မန္တလေး၊ ပြည်၊ ရန်ကုန် အစရှိသည့် ဒေသများတွင် အပူရှိန်ကြောင့် သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများလည်းရှိနေ
Published 9 April 2024

မန္တလေး၊ ပြည်၊ ရန်ကုန် အစရှိသည့် ဒေသများတွင် အပူရှိန်ကြောင့် သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများလည်းရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မန္တလေးစျေးချိုတွင် အမျိုးသမီးတစ်ဦး စျေးဝယ်နေစဉ် မူးလဲခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း မဏီစလလူမှုကူ ညီရေးအသင်းထံမှ သိရသည်။

အဆိုပါအမျိုးသမီးမှာ ဧပြီ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ စျေးချိုစျေး ၂၈ -၂၉ × ၈၅ - ၈၆ လမ်းတွင် စျေးဝယ်နေစဉ်မူးလဲခဲ့သောကြောင့် အနီးအနားရှိ ပြည်သူတစ်ဦးက အကူအညီတောင်းခံခဲ့သဖြင့် မဏီစလလူမှု ကူညီ‌ရေးအသင်း သွားရောက်ကူညီခဲ့သည်။

အဆိုပါမူးလဲခဲ့သည့် အမျိုးသမီးမှာ မန္တလေးပြည်သူ့ဆေးရုံကြီး OPD သို့ ရောက်ရှိချိန်တွင် ဆုံးပါးသွားပါသဖြင့် ၎င်းအမျိုးသမီးအား ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါအမျိုးသမီးမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေးဘဲ စုံစမ်းလျက်ရှိ ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်လည်း အပူရှိန်ကြောင့် အသက်ရှုကြပ်လူနာများ၊ အပူရှပ်လူနာ၊ သတိလစ်လူနာများများ ပြားလာသည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ(ပြည်)မှ သိရသည်။

“အခုရက်ပိုင်းမှာပဲ သိသိသာသာများလာတယ်။ အများစုက အပူကြောင့် အသက်ရှုကြပ်တာတွေ၊ သတိလစ်တာတွေများလာတယ်။ အဓိက သက်ကြီးရွယ်အိုတွေ ပိုခံရတယ်” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ(ပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ပြည်မြို့ အောင်ဆန်းရွှေလိပ်ပြာလမ်း အကွေ့တွင်အမျိုးသားတစ်ဦး ကားမောင်းရင်းသွေးတိုးပြီး သတိလစ်သွားသဖြင့် အဆိုပါအသင်းက သွားရောက်ကူညီခဲ့ရသည်။

“အဲ့ဒီလူနာဆိုရင် ကားအဲကွန်းကိုလည်း ဖွင့်ထားပေမယ့် အပြင်ကအပူရှိန်ပြင်းတော့ သတိလစ်သွားတာ။ အထဲမှာ အဲကွန်းဖွင့်ထားတာလည်းပြင်းတယ်၊ အပြင်က အပူလည်းပြင်းတော့ သတိလစ်သွားတာ”ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဧပြီ ၉ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ပြည်မြို့ - မင်းပေါင်းစုတည်အနီး၊ ထွန်းရတနာ ၆ လမ်းမှ အသက်ရှုကြပ်အရေးပေါ်လူနာအမျိုးသမီးတစ်ဦး၊ ပြည်မြို့ ပြည်တော်သာ ဝက်တိုးဘုရားလမ်းရှိ နေအိမ်တစ်အိမ်မှသတိလစ်အရေးပေါ်လူနာ အဖွားတစ်ဦးအားလည်းကောင်း ဆေးရုံများသို့ ပို့ဆောင် ပေးခဲ့ရသည်ဟု အဆိုပါအသင်းမှ သိရသည်။

ရန်ကုန်မြို့တွင်လည်း ဧပြီ ၃ ရက်နှင့် ၄ ရက်က နေပူရှိန်ကြောင့် အမျိုးသားများလဲကျသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ဧပြီ ၃ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဘူတာကြီးအနီးရှိကားမှတ်တိုင်တွင် နေ့အပူရှိန်မြင့် တက်မှုကြောင့် လူတစ်ဦးလဲကျခဲ့သဖြင့် လင်းလက်လူမှုကူညီ ရေးအသင်းက သွားရောက်ကူညီခဲ့ရသည်။

အလားတူ ဧပြီ ၄ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် နေ့လယ် ပိုင်းက အပူဒဏ်ကြောင့် သတိလစ်နေသူ တစ်ဦးကို အလုံမြို့ နယ်ကြက်ခြေနီအသင်းက ရှေးဦးလူနာပြုစုပြီး ရန်ကုန်အနောက်ပိုင်း ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ကြက်ခြေနီလူ နာတင်ယာဉ်ဖြင့်  ပို့ ဆောင်ကူညီခဲ့ကြောင်း အလုံမြို့နယ် ကြက်ခြေနီအဖွဲ့က ထုတ်ပြန် သည်။

ယခုရက်ပိုင်းအတွင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက် များအရ အပူစံချိန်သစ်တင်သည့် မြို့များရှိနေ သည်။

ဧပြီ ၈ ရက်က ကမ္ဘာ့အပူဆုံးမြို့ ၁၀ မြို့ တွင် မြန်မာနိုင်ငံမှ ချောက်၊ မင်းဘူး၊ ညောင်ဦး၊ မကွေး၊ မန္တလေးမြို့များ ပါဝင်ကြောင်း Eldorado weather ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၈ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့အဖြစ် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ချောက်မြို့ က အပူချိန် ၄၆ ဒသမ ၄ စင်တီဂရိတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။

အပူဆုံးမြို့ ၁၀ မြို့တွင် ချောက်မြို့အပါ အဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ မြို့လေးမြို့လည်း ပါဝင်နေသည်ကို တွေ့ရ သည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အဆင့် ၁ အဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့မှာ ၄၄ ဒသမ ၈ စင်တီ ဂရိတ်ဖြင့် အဆင့် သုံးနေရာတွင်လည်းကောင်း၊ မကွေးတိုင်း မင်းဘူးမြို့နှင့် မကွေးမြို့များမှာ  ၄၄ ဒသမ ၅ စင်တီဂရိတ်ဖြင့် အဆင့် ၄ နှင့် ၅ တွင်လည်းကောင်း၊ မန္တလေးမြို့မှာ ၄၃ ဒသမ ၈ စင်တီဂရိတ်ဖြင့် အဆင့် ၁၀ နေရာ တွင်လည်းကောင်း ဧပြီ ၈ ရက် ထုတ်ပြန်ချက်အရ ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

Most Read

Most Recent