ဆိုင်ခန်းပေါင်း ၄၃၉ ခန်းရှိသည့် ပဲနွယ်ကုန်းစျေး မီးလောင်မှုကြောင့် ဆိုင်ခန်း ၄၃၅ ခန်းကျော် ဆုံးရှုံးခဲ့ပြီး မိသားစု ၁၁ စု မီးဘေးသင့်

ဆိုင်ခန်းပေါင်း ၄၃၉ ခန်းရှိသည့် ပဲနွယ်ကုန်းစျေး မီးလောင်မှုကြောင့် ဆိုင်ခန်း ၄၃၅ ခန်းကျော် ဆုံးရှုံးခဲ့ပြီး မိသားစု ၁၁ စု မီးဘေးသင့်
Published 3 April 2024

ဆိုင်ခန်းပေါင်း ၄၃၉ ခန်းရှိသည့် ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းစျေး မီးလောင်မှုကြောင့် ဆိုင်ခန်း ၄၃၅ ခန်းကျော် ဆုံးရှုံးခဲ့ပြီး မိသားစု ၁၁ စု မီးဘေးသင့်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ပဲနွယ်ကုန်းစျေးမှာ ဧပြီ ၂ ရက် ည ၇ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၉ နာရီခန့်မှသာ မီးထိန်းနိုင်ခဲ့ကြောင်း သိရပြီး အဆိုပါစျေးတွင် ဆိုင်ခန်းပေါင်း ၄၃၉  ခန်းရှိသည့်အနက် ဆိုင်ခန်းပေါင်း ၄၃၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စျေးအနီးအနားရှိ နေအိမ် ၁၀ လုံး၊ အိမ်ဆိုင်ခန်း ၁၃ ခန်းလည်း မီးလောင်ခဲ့ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်မိသားစု ၁၁ စုရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆိုင်ခန်း ၄၃၅ ခန်း တန်ဖိုးငွေကျပ် ၁၅၅ သိန်း၊ နေအိမ် ၁၀ လုံး တန်ဖိုးငွေကျပ် ၆၉ သိန်း၊ အိမ်ဆိုင်ခန်း ၁၃ ခန်း တန်ဖိုးငွေကျပ် ၇၃သိန်း၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၃၉၇ သိန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သွားရောက်ကြည့်ရှုခဲ့ပြီး ယာယီဈေးအတွက် စည်ပင်သာယာပန်းခြံမြေနေရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး နှစ်အလိုက်ဘတ်ဂျက်များ လျာထား၍ ပဲနွယ်ကုန်းဈေးအား ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဈေးအဝင်လမ်းအား မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ထွက် သွားလာနိုင်ရေး ဆောင်ရွက်ရန်၊ ဈေးအတွင်း မီးသတ်ရေငုတ်များနှင့် မီးသတ်ရေစင် များ ထည့်သွင်းတည်ဆောက်နိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား ပဲခူးတိုင်းဝန်ကြီးချုပ်က မှာကြားခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အအေးဗူးများအပြင် မီးဘေးသင့်အိမ်ထောင်စု ၁၁ စုအတွက် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးပါ Kit Box များ၊ နေအိမ်ဆုံးရှုံးမှုအတွက် နှစ်သိန်းကျပ်စီ၊ လူဦးရေ ၄၈ ဦးအတွက် ဆန်ရိက္ခာဖိုး တစ်လစာနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

 

Most Read

Most Recent