ဘီးလင်း - နတ်ကြီး - ဖာပွန်ကားလမ်း ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာအနီးရှိ ပျဉ်သာတံတား မိုင်းခွဲ ဖျက်ဆီးခံရ

ဘီးလင်း - နတ်ကြီး - ဖာပွန်ကားလမ်း ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာအနီးရှိ ပျဉ်သာတံတား မိုင်းခွဲ ဖျက်ဆီးခံရ
Published 6 March 2024

ဘီးလင်း - ဖာပွန်ကားလမ်း၊ ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာအနီးရှိ ပျဉ်သာတံတားမှာ ယနေ့ (မတ်လ (၆) ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ပျဉ်သာတံတားမှာ ဘီးလင်းမြို့မှ (၁၈ )မိုင်ခန့်အကွာ၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျည်သာကျေးရွာအနီး ဘီးလင်း - နတ်ကြီး - ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် (၁၇/၇) နှင့် (၁၈/၀) ကြားရှိ တံတား (၆/၁၈) ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီနေ့မနက် (၆) နာရီဝန်းကျင်အချိန်လောက်က ပေါက်ကွဲသံတွေ ကြားကြရတာ။ ပြီးမှ ပျဉ်သာကျေးရွာအနီးမှာရှိတဲ့ ပျဉ်သာတံတားပေါ့ဗျာ။ အဲဒီတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတာလို့ သိကြရတယ်” ဟု ပြောကြားသည်။

အဆိုပါ ပျဉ်သာတံတားမှာ အရှည်ပေ (၁၂၀) ၊ တံတားအကျယ် (၂၄) ပေ ရှိ သံကူကွန်ကရစ်အမျိုးသား တံတားတစ်စင်းဖြစ်ကြောင်းနှင့် ပျဉ်သာတံတားမိုင်းခွဲဖျက်ဆီးခံလိုက်ရသည့်အတွက် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၈) ရက် မနက်စောပိုင်းကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၅/၇) နှင့် (၁၃၆/၀) ကြားရှိ တံတားအမှတ် (၄/၁၃၆) မိုးကောင်းတံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် အလျား (၃၇) ပေခန့်၊ အကျယ် (၄၈) ပေခန့်ရှိ မိုးကောင်းတံတား တံတားတစ်စင်းလုံး ပျက်ဆီးသွားခဲ့သည့်အပြင် မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် တံတားအနီးရှိ နေအိမ်တစ်လုံးနှင့် ဈေးဆိုင်ခန်းအများအပြား ပျက်ဆီးခဲ့ရကြောင်း နှင့် သက်ဆိုင်ရာမှ တံတားအား ယာယီမြေဖို့ပြုပြင်ပြီးနေက် ယင်းနေ့ ညနေ (၆) နာရီခွဲအချိန်တွင် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာ၍ ရပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent