သင်္ကြန်ကာလအတွက် မြိတ်ကျွန်းစုခရီးစဉ်များသို့ လူဝင်နည်းနေပြီး ကော့သောင်းရှိ ကျွန်းများသို့ လည်ပတ်မည့်သူပိုများနေ

သင်္ကြန်ကာလအတွက် မြိတ်ကျွန်းစုခရီးစဉ်များသို့ လူဝင်နည်းနေပြီး ကော့သောင်းရှိ ကျွန်းများသို့ လည်ပတ်မည့်သူပိုများနေ
Published 2 April 2024

သင်္ကြန်ကာလအတွက် ကျွန်းခရီးစဉ်များတွင် မြိတ်ကျွန်းစုခရီးစဉ်များသို့ လူဝင်နည်းနေပြီး ကော့သောင်းရှိ ကျွန်းများသို့ လည်ပတ်မည့်သူပိုမိုများပြားနေကြောင်း ခရီးသွားဝန်ဆောင်မှုပေးနေသူများထံမှ သိရသည်။

သင်္ကြန်ခရီးစဉ်နှင့် ဧပြီလပထမပတ် ခရီးစဉ်များအတွက် ပြည်တွင်းခရီးသွားများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နယ် ခရီးစဉ်များထက် ကော့သောင်းမြို့နယ်အတွင်းရှိ ခရီးစဉ်များကို ပိုမိုစိတ်ဝင်စားနေကြောင်း သိရသည်။

ကျွန်းစုမြို့နယ် အတွင်းရှိ ကျွန်းခရီးစဉ်များအတွက် ဘိုကင်ယူသူ အလွန်နည်းပါးနေကာ ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းခရီးစဉ်များအတွက် ဟိုတယ်ဘိုကင်နှင့် ကျွန်းခရီးစဉ်ဘိုကင်များ ပြည့်နေကြောင်း သိရသည်။

 “ကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့ ကျွန်းတွေကို လာရောက်လည်ပတ်ဖို့က ဘိုကင်ယူထားတဲ့သူတွေ အခုထိမရှိသေးဘူး။ သင်္ကြန်ကာလအတွက် ဘိုကင်ယူထားတဲ့သူတွေကလည်း ဆယ်ဂဏန်းလောက်ပဲရှိတယ်။ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းက သုညအခြေအနေကို ရောက်နေတယ်လို့ပြောနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဝန်ဆောင်မှုတွေလုပ်ပေးဖို့ ပြင်ဆင်ထားပါတယ်။ အခုအခြေအနေက အလုပ်ကိစ္စနနဲ့ လာတဲ့သူတွေက ကျွန်းကို ခဏတာသွားလည်လိုက်တာမျိုးပဲရှိတယ်။ သီးသန့်အပန်းဖြေခရီးစဉ်အနေနဲ့ လာကြတာမျိုးမရှိဘူး။ လက်ရှိ လောင်စာဆီစျေးနှုန်းနဲ့ဆိုရင် လူဦးရေ ၁၀ မပြည့်ရင် စပိတ်ဘုတ်စင်းလုံးငှားပဲပို့နိုင်တယ်။ လေးကျွန်းခရီးစဉ်ဆိုရင် ၁၁ သိန်း၊ ဘေလီကြယ်လိပ်ခရီးစဉ်ဆိုရင် ၂၃ သိန်းရှိနေတယ်” ဟု မြိတ်ခရိုင်ခရီးသွား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ ခရီးစဉ်များကို ယခုနှစ်တွင် ခရီးသွားများ ပိုမိုစိတ်ဝင်စားနေပြီး ဟိုတယ်များတွင် ဘိုကင်ယူထားသူများ ပြည့်နေကြောင်း သိရသည်။

“ကော့သောင်းကို ဒီနှစ်လာရောက်လည် ပတ်မယ့်သူတွေ အတော်များတယ်လို့ ကြားရတယ်။ နယ်မြေအေးချမ်းတာက တစ်ကြောင်း ကိုယ်ပိုင်ကျွန်းတွေကို ဝန်ဆောင်မှုကောင်းကောင်းနဲ့ လုပ်ပေးထားတယ်။ အကျိုးအမြတ်ထက် ကျွန်းတွေကို ခရီးသွားများအကြား စိတ်ဝင်စားမှုမြင့်တက်စေဖို့ လုပ်ဆောင်ပေးကြတယ်။ လေယာဉ်လက်မှတ်တွေကို ခရီးသွားဝန်ဆောင်မှုလုပ်တဲ့သူတွေက ကြိုတင်ဝယ်ယူထားပြီး ခရီးသည်တွေအတွက် လေယာဉ်အသွားအပြန်၊ ကျွန်းခရီးစဉ်အပြီးအစီး စီစဉ်ထားတာမျိုးရှိကြတယ်။ ညောင်ဦးဖီး၊ ခရင်းခွကျွန်းတွေကို ညအိပ်ခရီးစဉ်တွေဆိုရင် လူတစ်ဦးကို ၂၅ သိန်းလောက်ကုန်ပေမဲ့ လာရောက်လည်ပတ်မယ့်သူတွေ များနေတာတွေ့ရတယ်” ဟု ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးနေသူ တစ်ဦးက ပြောကြားသည်။

ခရီးသွားဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအနေဖြင့် သင်္ကြန်ကာလဝန်ဆောင်မှုအဖြစ် ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းများကို ရန်ကုန်မှ သွားရောက်လည်ပတ်လိုပါက နှစ်ညအိပ်ခရီးစဉ် လူတစ်ဦးလျှင် ကျပ် ၁၅ သိန်း (ဟိုတယ်၊ လေယာဉ်အသွားအပြန်လက်မှတ်၊ အစားအသောက်အပြီးအစီးပါဝင်) ဖြင့် ဝန်ဆောင်မှုပေးထားကြောင်း၊ မြိတ်မြိ့မှတစ်ဆင့် ကျွန်းများသို့သွားမည်ဆိုပါကလူ ၁၀ ဦး သီးသန့်ခရီးစဉ်အဖြစ် ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်းများသို့ ညအိပ်ခရီးစဉ်အဖြစ် ကျပ်သိန်း ၅၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ မြိတ်ကျွန်းစုအတွင်း ခရီးသွားလုပ်ငန်းဝန်ဆောင်မှု ပေးနေသည့်ကုမ္ပဏီပေါင်း ၄၀ ကျော်ရှိခဲ့သော်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် ယခုအခါကုမ္ပဏီ ၁၀ ခုပင် မကျန်တော့ကြောင်း လုပ်ငန်းရှင်များကပြောကြားခဲ့သည်။

Most Read

Most Recent