ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာမက ကျန်းမာရေးအရ လိုအပ်သည့် အကျဉ်းသားများကို အပူဒဏ်သက်သာစေရေး ဆောင်ရွက်ပေးနေဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာမက ကျန်းမာရေးအရ လိုအပ်သည့် အကျဉ်းသားများကို အပူဒဏ်သက်သာစေရေး ဆောင်ရွက်ပေးနေဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 16 April 2024

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာမက ကျန်းမာရေးအရ လိုအပ်သည့် အကျဉ်းသားများ၊ သက်ကြီးအကျဉ်းသားများကို အပူဒဏ်သက်သာစေရေး နည်းလမ်းများရှာဖွေဆောင်ရွက်ပေးနေဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်မှ လုံခြုံစိတ်ချရသည့် နေရာသို့ရွှေ့ပြောင်းထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA နှင့် BBC သတင်းဌာနသို့ အထက်ပါအတိုင်း ဖြေကြားထားခြင်းဖြစ်သည်။

" သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိစ္စနဲ့ ပတ်သတ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီအကျဉ်းထောင်တွေမှာ ရာသီဥတုအခြေအနေအရ အပူချိန်ပြင်းထန်နေတာတွေရှိတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီး သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊ ကျန်းမာရေးအရ လိုအပ်တဲ့ အကျဉ်းသားများ၊ အသက်ကြီးနေတဲ့ အကျဉ်းသားများနဲ့ပတ်သတ်ပြီး အပူဒဏ် သက်သာစေရေး အတွက် နည်းလမ်းများနဲ့ ရှာဖွေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က  ဖြေကြားထားသည်။

ဦးဝင်းမြင့်သည် တောင်ငူထောင်တွင်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အချုပ်ထောင်တွင်လည်းကောင်း အကျဉ်းကျခံနေရခြင်းဖြစ်သည်။

လတ်တလောတွင် ဖြစ်ပေါ်လျက်ရှိသည် ရာသီဥတုအပူရှိန်ပြင်းထန်မှုကြောင့်ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ကျန်းမာရေးအရ လုံခြုံစိတ်ချရသည့် နေရာတွင် ရွှေ့ပြောင်းထားကြောင်း Eleven Media Group ၏ စုံစမ်းမှုများ အရသိရပြီး ယင်းသတင်းနှင့်ပတ်သက်၍Eleven Media Group က ယနေ့( ဧပြီ ၁၆ ရက်) ညဦးပိုင်းတွင် သတင်းဖော်ပြ ပြီးဖြစ်ပါသည်။

ယခုလဆန်းပိုင်းကလည်း မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်သည်လည်း အပူဒဏ်ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရသည်။

Most Read

Most Recent