ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ စိုးရိမ်ပူပန်မှု လျော့ပါးစေရန်  နည်းဥပဒေ ညွှန်ကြားချက်များကို ထုတ်ပြန်ပေးရန်နှင့် ဥပဒေနှင့် ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေမှုများကို တားမြစ်အရေးယူပေးရန် ပြည်သူ့ပါတီထုတ်ပြန်

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ စိုးရိမ်ပူပန်မှု လျော့ပါးစေရန်  နည်းဥပဒေ ညွှန်ကြားချက်များကို ထုတ်ပြန်ပေးရန်နှင့် ဥပဒေနှင့် ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေမှုများကို တားမြစ်အရေးယူပေးရန် ပြည်သူ့ပါတီထုတ်ပြန်
Published 20 March 2024

ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ စိုးရိမ်ပူပန်မှု လျော့ပါးစေရန် နိုင်ငံနှင့်အဝှမ်း တပြေးညီကျင့်သုံးမည့် နည်းဥပဒေ ညွှန်ကြားချက်များကို ထုတ်ပြန်ပေးရန်နှင့် ဥပဒေနှင့် ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေမှုများကို တားမြစ်အရေးယူပေးရန် မတ်လ ၁၉ ရက်တွင် ပြည်သူ့ပါတီက ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် ယနေ့အချိန်သည် မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်ကပ်ရောဂါကာလမှစတင်၍  နိုင်ငံရေး၊ စစ်ရေးပဋိပက္ခ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းမျိူးစုံနှင့် ကာလကြာရှည် ခံစားနေရသည့် အချိန်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင်ပြဋ္ဌာန်းခဲ့ပြီး၊ ၂ဝ၂၄ ခုနှစ် ဖေဖေါ် ဝါရီလ ၁ဝ ရက်တွင် စတင်အာဏာတည်စေရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ လက်မှတ်ရေးထိုး သတ်မှတ်ခဲ့ကြောင်း၊  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ၊ အဂတိလိုက်စားမှု သတင်း များ၊ ထွက်ပြေးတိမ်းရှောင်ကြသည့်သတင်းများ ကျယ်ပြန့်စွာဖြစ်ပေါ်လျှက်ရှိကြောင်း နေ့စဉ်နှင့်အမျှ တိုင်တန်း ကြားသိနေရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း ပုဂ္ဂလိကအလုပ်ရုံ စက်ရုံဝန်ထမ်းများအနေဖြင့် ယာယီကင်းလွတ် ခွင့်တွင် နိုင်ငံတော်ဌာနဆိုင်ရာဝန်ထမ်းများသာ အကျုံးဝင်သည်ဟုနားလည်ပြီး ထွက်ပြေးတိမ်းရှောင်နေ မှုများကြောင့် လုပ်ငန်းများဆက်လက် လည်ပတ်နိုင်ရန်ပင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ပြည်သူ့ပါတီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

 ပြည်သူ့စစ်မှုထမ်းဥပဒေအခန်း(၃) ပုဒ်မ ၇(က) တွင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည်      “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်း နိုင်သည်။” ဟု ပြဋ္ဌာန်းထားသောကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအဆင့်တွင် ဖွဲ့စည်းထားခြင်းမရှိကြောင်း၊ ယင်းဥပဒေပုဒ်မ ၈ တွင် “ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီသည်၊ ဒီဇင်ဘာ ၃၁ ရက်တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများ၏ စာရင်းကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ နှစ်စဉ် ဇန်နဝါရီ ၁ ရက် အရောက် ပြုစုပေးပို့ရမည်” ဟူ၍သာ ပြဋ္ဌာန်းထားကြောင်း၊ မူရင်းပြဋ္ဌာန်းဥပဒေအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့သည် စာရင်းပြုစုပေးပို့ရန် သာဖြစ်ပြီး ရွေးချယ်အတည်ပြုခွင့်၊ (မဲနှိုက်ခြင်းအပါအဝင်)စာရင်းမှ ပယ်ဖျက်ခွင့်မရှိကြောင်း တွေ့ရှိရ ကြောင်း ပြည်သူ့ပါတီက ဆိုသည်။

သို့ဖြစ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းနှင့်ပတ်သက်ပြီး ပြည်သူအများ စိုးရိမ်ပူပန်မှု လျော့ပါး စေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံနှင့်အဝှမ်း တပြေးညီကျင့်သုံးမည့် နည်းဥပဒေ ညွှန်ကြားချက်များကို အများပြည်သူ အလွယ်တကူ သိရှိနိုင်ရန် တိကျသေချာစွာ ထုတ်ပြန်ပေး ပါရန်နှင့် ဥပဒေနှင့် ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေမှုများအား တားမြစ်အရေးယူပေးရန် လိုအပ်မည် ဖြစ်ကြောင်း  ပြည်သူ့ပါတီက ကြေညာချက်တွင် တိုက်တွန်းထားသည်။

Most Read

Most Recent