သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ရထားလမ်း သိမ်ဆိပ်ဘူတာ နှင့် ဒုံဝန်းဘူတာကြားတွင် မိုင်းခွဲခံရပြီး ကျောက်တင်ကုန်ရထားတစ်စီး လမ်းချော် တိမ်းမှောက်

သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ရထားလမ်း သိမ်ဆိပ်ဘူတာ နှင့် ဒုံဝန်းဘူတာကြားတွင် မိုင်းခွဲခံရပြီး ကျောက်တင်ကုန်ရထားတစ်စီး လမ်းချော် တိမ်းမှောက်
Published 10 April 2024

သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ရထားလမ်း သိမ်ဆိပ်ဘူတာ နှင့် ဒုံဝန်းဘူတာကြားတွင် ယနေ့ ဧပြီလ (၁၀) ရက် နံနက် (၇) နာရီ (၁၅) မိနစ်အချိန်ခန့်က   ကျောက်တင်ကုန်ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး လမ်းချော် တမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မိုင်းကာတွဲ (၁) တွဲ၊ ရထားစက်ခေါင်းတွဲ (၁) တွဲ၊ နားနေတွဲ (၁) တွဲ နှင့် ကျောက်တင်ကုန်တွဲ (၁၇) တွဲပါရှိသည့် ကျောက်တင်ကုန်ရထားမှာ ဇင်းကျိုက်ဘူတာမှ ဘီးလင်းဘူတာဘက်သို့ ခုတ်မောင်းသွားစဉ် သိမ်ဆိပ်ဘူတာအထွက် ရထားမိုင်းတိုင်အမှတ် (၁၂၅/၂) နှင့် (၁၂၅/၃) ကြား တံတားအမှတ် (၇၉) အနီး (လှည်းကူးလမ်း) တွင်  မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကျောက်တင်ကုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ လူထိခိုက်မှုမရှိပေမယ့် မီးရထားစက်ခေါင်းနဲ့ ကုန်တွဲတွေ လမ်းချော်တိမ်းမှောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရတယ်။ အသေးစိတ်အခြေအနေကတော့ စုံစမ်းစစ်ဆေးနေတုန်းပါဘဲ” ဟု ပြောကြားသည်။

ထိုသို့ ကျောက်တင်ကုန်ရထား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည့်အတွက်ကြောင့် ရထားသံလမ်းအဆက်များ ပြုတ်ထွက်သွားကာ မိုင်းကာတွဲ (၁) တွဲ၊ ရထားစက်ခေါင်းတွဲ (၁) တွဲ၊ နားနေတွဲ (၁) တွဲ နှင့် ကျောက်တင်ကုန်တွဲ (၁) တွဲမှာ ရထားသံလမ်းပေါ်မှလမ်းဘေးသို့ လမ်းချော်သွားပြီး၊ ကျောက်တင်ကုန်တွဲ (၁) တွဲမှာ ရထားသံလမ်းပေါ်တွင် လမ်းချော်တင်နေကြောင်း နှင့် ထိုအခြေအနေကြောင့် ယနေ့ ဧပြီလ (၁၀) ရက်နေ့ တွင် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းနိုင်ကြောင်းလည်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူများထံမှ သိရသည်။

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း နှင့် သထုံမြို့နယ်များတွင်းရှိ ရန်ကုန် - မော်လမြိုင် ရထားလမ်းပို်ငးတွင် ရထားလမ်းများ၊ လူစီး နှင့် ကုန်တင်ရထားများ မကြာခဏမိုင်းခွဲတိုက်ခိုက်ခံရလေ့ရှိရာ ပြီးခဲ့သည့် မတ်လ (၁၈) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းဘူတာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကလိကျေးရွာသို့ သွားရောက်မည့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင် (၁၄) တွဲပါ အမှတ် (၆၈၆) ကျောက်တင်ကုန်ရထားမှာ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ ရထားလမ်းမိုင်တိုင်အမှတ် (၁၂၃/၁) နှင့် (၁၂၂/၂၃) ကြား ပေါက်ကူးတံတားအမှတ် (၇၅) အရောက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသေးသည်။

မိုင်းထောက်ဖေါက်ခွဲဖျက်ဆီးခံရမှုကြောင့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင်း (၁၄) တွဲပါ ကုန်တင်ရထားမှာ ကုန်တွဲ (၂) တွဲ လမ်းချော်သွားကာ၊ ကုန်တွဲ (၅) တွဲမှာ တိမ်းမှောက်သွားကြောင်း၊ ရထားလမ်းမှာလည်း ပေ (၂၀) ခန့် ပျက်ဆီးသွားခဲ့ရကြောင်း နှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ထိုအခြေအနေကြောင့် မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားကာ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးခဲ့သည့် ရထားပေါင်းကူးတံတား နှင့် ရထားလမ်းပိုင်းတို့အား သက်ဆိုင်ရာ မြန်မာ့မီးရထားဌာနမှ ပြန်လည်ပြုပြင်မှုများလုပ်ဆောင်နေချိန်တွင်လည်း Drone နှင့် Drop Bomb ချတိုက်ခိုက်ခံရသည့်အတွက်ကြောင့် ရထားပေါင်းကူးတံတားနှင့် ရထားလမ်းပိုင်းပြင်ဆင်ရန် ကြန့်ကြာနေခဲ့ရပြီး မတ်လ (၂၅) ရက်နေ့မှသာ ရန်ကုန် - မော်လမြိုင် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ (၅) ရက်နေ့ နံနက် (၁၀) နာရီ (၄၅) မိနစ်အချိန်ခန့်ကလည်း သထုံမြို့နယ် ကမာဆိုင်ကျေးရွာ နှင့် တောင်စွန်ကျေးရွာကြား ၊ ရထားလမ်းမိုင်တိုင်အမှတ် (၇၄) နှင့် (၇၅) ကြားရှိ မီးရထားလမ်းချောင်းကူးတံတားတွင် ထိုအဝေးထိန်းမိုင်း ထောင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းအရ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးခဲ့ရာ၊ အဝါရောင်ပုံးနှင့် ပြည့်ထည့်ထားသည့် Ammonium Nitrate များနှင့် TNT ယမ်းအားပြင်း နှစ်ထုပ်၊ ယမ်းကြိုးခွေများ၊ ဓါတ်ခဲများနှင့် အဝေးမှ ဖောက်ခွဲဖျက်ဆီးမည့် လမ်းလျှောက်စကားပြောစက် တစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent