ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲစျေးအတွင်း လူ ၂၉ ဦး ခွေးရူး အကိုက်ခံရ

ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲစျေးအတွင်း လူ ၂၉ ဦး ခွေးရူး အကိုက်ခံရ
Published 28 April 2024

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲဈေးအတွင်း ဧပြီ ၂၇ ရက်၊ ညပိုင်းက လူ (၂၉) ဦးခွေးရူးအကိုက်ခံခဲ့ရကြောင်း ပဲခူးမြို့ခံ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဘုရားပွဲ စျေးအတွင်းသို့ အမွေး အညိုရောင် နှင့် ရွံ့ဗွက်များ ပေနေသော ခွေးရူးတစ်ကောင် ရောက်ရှိလာပြီး၊ ပွဲဈေးသို့ လာရောက်ကြသူများနှင့် ဈေးသည်များအား လိုက်လံကိုက်ခဲ ခဲ့ပြီးနောက် ထွက်ပြေးသွားသည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ခွေးရူးအကိုက်ခံရတဲ့သူတွေက ကျား (၁၆) ဦး၊ မ (၁၃) ဦး၊ စုစုပေါင်း (၂၉) ဦးပါ။ အရွယ်တွေကတော့ အစုံပါဘဲ။ အသက် (၁၂) နှစ်ကနေ၊ အသက် (၇၀) နှစ်ဝန်းကျင်အထိပါတယ်။ အားလုံးလိုလိုက ပဲခူးမြို့ပေါ်ကဘဲလို့ သိရတယ်။  ခွေးရူးအကိုက်ခံရသူတွေကို ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်” ဟု ပြောကြားသည်။

ခွေးရူးအကိုက်ခံရသူများအား ဧပြီလ (၂၇) ရက်ညက ခွေးရူးပြန်ကာကွယ်ဆေး နှင့် အဆိပ်ကျဆေးထိုးနှံပေးခဲ့ပြီး၊ လာမည့် ဧပြီလ (၃၀) ရက်နေ့တွင်တစ်ကြိမ်၊ မေလ (၄) ရက်နေ့ နှင့် (၂၅) ရက်နေ့များတွင် တစ်ကြိမ်စီ ကာကွယ်ဆေးများထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

မြန်မာနိုင်ငံအတွင်း နှစ်စဉ် လူကိုခွေးကိုက်ခံရသည့်ဖြစ်စဉ်ပေါင်း (၁၅၀၀၀) ကြိမ် မှ (၁၉၀၀၀) ကြိမ်ဝန်းကျင်အထိရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ပဲခူးမြို့၏ အထင်ကရပွဲတော်များအနက် ထင်းရှားသည့်ပွဲတော်တစ်ခုဖြစ်သည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အားနှစ်စဉ် တန်ခူးလအတွင်းကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။

Most Read

Most Recent