မော်လမြိုင် - မုဒုံကားလမ်းတွင် ယာဉ်မတော်မဆမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးမှာ ကားခေါင်းခန်းအတွင်း ညှပ်နေ

မော်လမြိုင် - မုဒုံကားလမ်းတွင် ယာဉ်မတော်မဆမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးမှာ ကားခေါင်းခန်းအတွင်း ညှပ်နေ
Photo Credit-ကိုဇင်မိုး
Photo Credit-ကိုဇင်မိုး
Published 14 March 2024

မော်လမြိုင်မြို့ မော်လမြိုင် - မုဒုံကားလမ်းတွင် ယာဉ်မတော်မဆမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးမှာ ကားခေါင်းခန်းအတွင်း ညှပ်နေခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မော်လမြိုင်မြို ဂွေးကုန်းရပ် ကျိုက္ခမီလမ်းမကြီး (မော်လမြိုင် - မုဒုံ ကားလမ်း) တွင် မတ် ၁၄ ရက်(ယနေ့) နံနက် ၁၁ နာရီ ခွဲခန့်က ယာဉ်မတော်မဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မုဒုံမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ အဆိုပါ ယာဉ်မောင်းအမျိုးသမီး မောင်းနှင်လာသည့် ဟိုက်ဂျက်ယာဉ်မှာ မော်လမြိုင်မြို့ဂွေးကုန်းရပ် ကျိုက္ခမီလမ်းမကြီး (မော်လမြိုင် - မုဒုံ ကားလမ်း) ထောက်/ပို့တပ် ရှေ့အရောက်၌ ရှေ့တွင် လားရာတူမောင်းနှင်နေသည့် ကုန်တင်ယာဉ်နောက်ပိုင်းအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကားမောင်းလာတဲ့ အမျိုးသမီးက ကားခေါင်းခန်းထဲမှာ ညှပ်နေတော့ ကားခေါင်းခန်းကို ဖြတ်ပြီးတော့မှ ခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

ထိုယာဉ်မောင်း အမျိုးသမီးမှာ မုဒုံမြို့နယ် သာယာကုန်းကျေးရွာမှ ဖြစ်သည်ဟု သိရကြောင်းနှင့် ယာဉ်မတော်တဆမှုကြောင့် ထိုအမျိုးသမီး၏ ပေါင်တွင် ထိုးဖောက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုဟိုက်ဂျက်ယာဉ်ခေါင်းခန်းတွင် ညှပ်နေသည့် ယာဉ်မောင်းအမျိုးသမီးအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ မော်လမြိုင်မြိုပေါ်မှ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းကာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ရွှေနတ်တောင် အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 

Most Read

Most Recent