ထားဝယ်မြို့နယ် ပဒိုင်းချောင်းရွာမှ ခြောက်ရက်ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်အား သေဆုံးလျက် ပြန်လည်တွေ့ရှိ

ထားဝယ်မြို့နယ် ပဒိုင်းချောင်းရွာမှ ခြောက်ရက်ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်အား သေဆုံးလျက် ပြန်လည်တွေ့ရှိ
Published 17 March 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်းကျေးရွာမှ (၆) ရက်ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်အား မတ်လ ၁၆ ရက်နေ့က သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်ကျေးရွာနေ အသက် (၁၈) နှစ်အရွယ် မပန်းအိဖြိုး ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့် မတ်လ  ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင်  အပြင်ခဏထွက်ပြီး ဖုန်းပြောရန် မိခင်ဖြစ်သူထံ ခွင့်တောင်းပြီး ထွက်သွားရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရွာမှာက ဖုန်းလိုင်းတွေမမိတော့၊ ဖုန်းပြောလို့မရဘူး။ မပန်းအိဖြိုး က  ဖုန်းသွားပြောမယ်ဆိုပြီးထွက်သွားတာလို့ သိရတယ်။ ပျောက်ဆုံးနေတဲ့ မပန်းအိဖြိုး ကို မတ်လ (၁၆) ရက် မနက် (၁၀) နာရီအချိန်လောက်ကမှ သူ့ရဲ့နေအိမ်ကနေ တစ်မိုင်ခန့်အကွာမှာရှိတဲ့ ပဒိုင်းချောင်းကျေးရွာ စိုက်ပျိုးရေးခြံအတွင်းမှာ သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့တာပါ ဟု ပြောကြားသည်။

မပန်းအိဖြိုး၏ ရုပ်အလောင်းအား မှောက်လျှက်အနေအထားမျိုးတွေ့ရကြောင်း၊ ပခုံနားတွင် အပေါက်တစ်ပေါက်တွေ့ပြီး ခြေထောက်တွင်လည်း သွေးများတွေ့ရကြောင်း နှင့် ၎င်းအသုံးပြုသည့် လက်ကိုင်ဖုန်းကိုမူ အလောင်းဘေးနားတွင် ပြန်လည်တွေ့ရှိရပြီး ပျက်ဆီးနေပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

မပန်းအိဖြိုးသေဆုံးမှုမှာ သွေးရိုးသားရိုးမဟုတ်ဘဲ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း နှင့် မပန်းအိဖြိုး ပျောက်ဆုံသွားသည့်နေ့တွင် သံသယဖြစ်ဖွယ် လူငယ် (၃) ဦးမှာ ဆိုင်ကယ်နှင့် ပဒိုင်းချောင်းကျေးရွာသို့ ရောက်ရှိလာကို တွေ့ရှိကြရကြောင်း ဒေသခံများထံမှ သိရသည်။

မပန်းအိဖြိုး၏ ရုပ်အလောင်းအား ပဒိုင်းချောင်းကျေးရွာရှိ သုဿာန်တွင် သင်္ဂြိုဟ်သွားရန် စီစဉ်ထားကြောင်း နှင့် မပန်းအိဖြိုးအသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူများအား ဖေါ်ထုတ်ကာ အရေးယူ ပေးစေချင်ကြောင်လည်း မိသားစုဝင်များက တောင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent