ဟေတီအသွင်ကူးပြောင်းရေးကောင်စီ တာဝန်အပ်နှင်းခံရချိန်တွင် မြို့တော်ပို့အော်ပရင့်၌ သေနတ်သံများ ထွက်ပေါ်

ဟေတီအသွင်ကူးပြောင်းရေးကောင်စီ တာဝန်အပ်နှင်းခံရချိန်တွင် မြို့တော်ပို့အော်ပရင့်၌ သေနတ်သံများ ထွက်ပေါ်
ဟေတီအသွင်ကူးပြောင်းရေးကောင်စီ၏အဖွဲ့ဝင်များ စုပေါင်းဓာတ်ပုံရိုက်ကူးမှုခံယူနေပုံကို ဧပြီ ၂၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဟေတီအသွင်ကူးပြောင်းရေးကောင်စီ၏အဖွဲ့ဝင်များ စုပေါင်းဓာတ်ပုံရိုက်ကူးမှုခံယူနေပုံကို ဧပြီ ၂၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 26 April 2024

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော အသွင်ကူးပြောင်းရေးဆိုင်ရာ အုပ်ချုပ်ရေးကောင်စီသည် ဧပြီ ၂၅ ရက်တွင် ဟေတီနိုင်ငံ၌ ကျမ်းကျိန်ခဲ့ရာ လူဆိုးဂိုဏ်းအကြမ်းဖက်မှုများ လနှင့်ချီဖြစ်ပွားခဲ့သည့် ဟေတီတွင် ပုံမှန်လည်ပတ်မည့် အစိုးရတစ်ရပ်ပြန်လည် ပေါ်ပေါက်ရေးအတွက် အရေးပါသောခြေ လှမ်းတစ်ရပ်ဖြစ်လာသည်။

အဖွဲ့ဝင်သစ် ကိုးဦးပါဝင်သော အစိုးရအဖွဲ့သည် တရားဥပဒေစိုးမိုးရေးတာဝန် အပ်နှင်းခံရစဉ် ဝန်ကြီးချုပ်အေရီရယ်ဟင်နရီက ၎င်း၏တရားဝင် နုတ်ထွက်လွှာကို တင်သွင်းခဲ့သည်။ ရွေးကောက်ခံရခြင်းမရှိဘဲ ဟေတီဝန်ကြီးချုပ်ဖြစ်လာသော အေရီရယ်ဟင်နရီသည် ဟေတီတွင် ပြည်သူမကြိုက်သော ဝန်ကြီးချုပ်ဖြစ်သည်။

“ဒီမနက်အခမ်းအနားဟာ နိုင်ငံရဲ့ကံကြမ္မာနဲ့ပြည်သူတွေရဲ့ကံကြမ္မာကို ထိန်းကြောင်းဖို့ ခင်ဗျားတို့ကို အပ်နှင်းလိုက်တဲ့ အခမ်းအနားဖြစ်ပါတယ်”ဟု အသွင်ပြောင်းအစိုးရဖွဲ့ချိန်အထိ စီးပွားရေးဝန်ကြီးအဖြစ်ဆောင် ရွက်နေပြီးအသွင်ပြောင်းအစိုးရအဖွဲ့၌ ယခုအခါ ယာယီဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်သော မိုက်ကယ်ပတ်ထရစ်ဗွိုက်စဘတ်က  အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရအဖွဲ့သစ်ကို ပြောကြားခဲ့သည်။ အဆိုပါ အစိုးရအဖွဲ့တွင် အမျိုးသားရှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ပါဝင်သည်။

အသွင်ကူးပြောင်းရေးအစိုးရထံ တာဝန်အပ်နှင်းသည့် အခမ်းအနားကျင်းပနေချိန်တွင် ပို့အော်ပရင့်အလယ်ပိုင်းနှင့် ဆင်ခြေဖုံးရှိ ဒဲလ်မက်စ်တို့တွင် လူဆိုးဂိုဏ်းဝင်များထံမှ သေနတ်သံများကို ကြားရသည်။ထို့ကြောင့်ယင်းသည် အသင်ကူးပြောင်းရေးအစိုးရအဖွဲ့အတွက်ရှေ့တွင် ဆောင်ရွက်ရမည့် အလုပ်များပြားလွန်းနေသည်ကို ပြသလိုက်သည့် လက္ခဏာဖြစ်သည်။

ကောင်စီဝင်များသည် သမ္မတနန်းတော်၌ အခမ်းအနားဖြင့် နှုတ်ဆက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ၎င်းတို့သည် ကျမ်းကျိန်ခဲ့ကြသည်။ ထို့နောက်ကောင်စီဝင်များသည် ဝန်ကြီးချုပ်ရုံးတွင်လည်း ကျမ်းကျိန်ခဲ့သည်။

ကောင်စီဖွဲ့စည်းပြီးသည့်အခါ ရာထူးမှနုတ်ထွက်မည်ဟု မတ်လတွင် ကတိပေးခဲ့သော ဟင်နရီက တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့်ပေးသည့်အတွက် ဟေတီပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။

“ဟေတီကို ပြန်လည် မွေးဖွားရပါလိမ့်မယ်”ဟု နုတ်ထွက်စာတွင် ဟင်နရီက ရေးထားသည်။ အဆိုပါ နုတ်ထွက်စာကို ဧပြီ ၂၄ ရက် ရက်စွဲတပ်ထားသည်ဆိုသော်လည်း နုတ်ထွက်စာကို ဧပြီ ၂၅ ရက်တွင် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ဟင်နရီသည် အဆိုပါနုတ်ထွက်စာကို အမေရိကန်နိုင်ငံလော့အိန်းဂျလိစ်မြို့တွင်ရေးခဲ့သည်။

ကောင်စီ၏ပထမဆုံးတာဝန်တစ်ခုမှာ ဝန်ကြီးချုပ်အသစ်တစ်ဦးကို ခန့်အပ်ရမည့်တာဝန်ဖြစ်သည်။

ဟေတီနိုင်ငံသည် ပုံမှန်လည်ပတ်နေသော လွှတ်တော်မရှိပေ။ ထို့အပြင် ၂၀၂၁ ခုနှစ်တွင် သမ္မတဂျိုဗီနယ်မွိုက်လုပ်ကြံခံရပြီးကတည်းက သမ္မတလည်းမရှိပေ။ ဟေတီနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် ရွေးကောက်ပွဲကို နောက်ဆုံးကျင်းပခဲ့သည်။

အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရအဖွဲ့သစ်သည် ရွေးကောက်ပွဲအသစ်ကျင်းပချိန်အထိ နိုင်ငံကို ဦးဆောင်ရမည်ဖြစ်ပြီး ရွေးကောက်ခံအစိုးရအဖွဲ့သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် အာဏာလွှဲယူမည် ဖြစ်သည်။

လူဦးရေ ၁၁ ဒသမ ၆ သန်းရှိသော ဟေတီနိုင်ငံသည် ဆင်းရဲမွဲတေမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ သဘာဝဘေးအန္တရာယ်များကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။

သို့ရာတွင် ဖေဖော်ဝါရီလကုန်ပိုင်းတွင် လူဆိုးဂိုဏ်းများက ဝန်ကြီးချုပ်ဟင်နရီကို ဖြုတ်ချရန် ရည်ရွယ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကာ မြို့တော်ပို့အော်ပရင့်၏နေရာအများစုကို ထိန်းချုပ်ခဲ့သည့်အခါ ဟေတီ၏အနေအထားသည် ပိုမိုဆိုးရွားလာခဲ့သည်။ ၎င်းတို့က ရဲစခန်းများကိုလည်း တိုက်ခိုက်ခဲ့သည်။     

Ref: AFP

Most Read

Most Recent