ဒူဘိုင်းတွင် စံချိန်တင်မိုးကြီးခဲ့ပြီး ဒူဘိုင်းလေဆိပ်သို့မလာရန် သတိပေးချက်ထုတ်ထား

ဒူဘိုင်းတွင် စံချိန်တင်မိုးကြီးခဲ့ပြီး ဒူဘိုင်းလေဆိပ်သို့မလာရန် သတိပေးချက်ထုတ်ထား
Published 17 April 2024

အာရပ်စော်ဘွားများပြည်ထောင်စု၏ ဘဏ္ဍာရေးအချက်အချာမြို့ဖြစ်သည့် ဒူဘိုင်းမြို့တွင် စံချိန်တင်မိုးရွာသွန်းခဲ့မှုကြောင့် မြို့တွင်းလမ်းမများ ရေမြုပ်သွားခဲ့သည်။ သဲကန္တာရနိုင်ငံဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)တွင် ဧပြီ ၁၆ ရက်နေ့က မိုးကြီးခဲ့မှုသည် နှစ်နှစ်ခန့်မိုးရွာသွန်းမှုနှင့်ညီခဲ့သည်။

ဒူဘိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ လူတစ်ဦးသေဆုံးထားပြီး ကားနှင့်အတူမျောပါသွားသည့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးဟု သိရသည်။ အာဏာပိုင်တစ်ဦးအဆိုအရ ကမ္ဘာ့အစည်ကားဆုံး လေဆိပ်တစ်ခုဖြစ်သည့် ဒူဘိုင်းလေဆိပ်သို့ မဖြစ်မနေအခြေအနေမျိုးမှအပ ခရီးသည်များ လာရောက်ခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ထားသည်။

လေကြောင်းခရီးစဉ်များလည်း အချိန်နှောင့်နှေးခြင်း ၊ လမ်းလွှဲပျံသန်းခြင်းများပြုလုပ်ထားရပြီး လုပ်ငန်းများ အမြန်လည်ပတ်နိုင်ရန် ကြိုးစားနေသည်ဟု ဒူဘိုင်းလေဆိပ်ပြောခွင့်ရှိသူတစ်ဦးကဆိုသည်။ ဒူဘိုင်းလေကြောင်းလိုင်း အမ်းမရိတ်စ်ကမူ  ဧပြီ ၁၇ ရက်တွင် check-ins အားလုံးကို ဖျက်သိမ်းလိုက်သည်။

အိုမန်နိုင်ငံတွင် မုန်တိုင်းကျမှုကြောင့် ကလေးများအပါအဝင် လူ ၁၈ ဦးသေဆုံးထားပြီး ၊ ဧပြီ ၁၅ ရက်နှင့်  ၁၆ ရက်တို့တွင် အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းနိုင်ငံတို့ကို မုန်တိုင်းဝင်ရောက်လာခြင်းဖြစ်သည်။မိုးလေဝသပညာရှင်များကမူ ယခုကဲ့သို့ကြုံနေရခြင်းမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အများဆုံးဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

၁၉၇၁ ခုနှစ်တွင် အာရပ်စော်ဘွားများပြည်ထောင်စုကို မတည်ထောင်မီကတည်းက မှတ်သားလာသည့် မိုးရွာမှုမှတ်တမ်းများအရ ယခုမိုးကြီးမှုသည် အဆိုးဝါးဆုံးဖြစ်သည်။

Ref:AFP

 

Most Read

Most Recent