မြောက်ကိုရီးယားက တိုက်ပွဲဝင်တင့်ကားသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး ကင်ဂျုံအွန်ကိုယ်တိုင် မောင်းနှင်ပြခဲ့

မြောက်ကိုရီးယားက တိုက်ပွဲဝင်တင့်ကားသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး ကင်ဂျုံအွန်ကိုယ်တိုင် မောင်းနှင်ပြခဲ့
မတ်လ ၁၃ ရက်ကပြုလုပ်သည့် မြောက်ကိုရီးယားစစ်တပ်၏ သံချပ်ကာယန္တရားနှင့် လက်ရုံးတပ်ပေါင်းစုံပါဝင်သည့် စစ်ရေးလေ့ကျင့်ခန်း၌ ကင်ဂျုံအွန်ကိုတွေ့ရစဉ်(Photo:AFP)
မတ်လ ၁၃ ရက်ကပြုလုပ်သည့် မြောက်ကိုရီးယားစစ်တပ်၏ သံချပ်ကာယန္တရားနှင့် လက်ရုံးတပ်ပေါင်းစုံပါဝင်သည့် စစ်ရေးလေ့ကျင့်ခန်း၌ ကင်ဂျုံအွန်ကိုတွေ့ရစဉ်(Photo:AFP)
Published 14 March 2024

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန်သည် စစ်ရေးလေ့ကျင့်ခန်းများကို ကြီးကြပ်ကွပ်ကဲခဲ့ပြီး ပင်မတိုက်ပွဲဝင်တင့်ကား အမျိုးအစားသစ်တစ်မျိုးကိုလည်း မောင်းနှင်ပြခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက မတ်လ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

အဟန့်အတားစွမ်းရည် မြှင့်တင်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့၌ ကင်က တိုက်ပွဲဝင် တင့်ကားအမျိုးအစားသစ်ကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

အနက်ရောင် သားရေဂျာကင်အကျႌဝတ်ဆင်ထားသည့် ကင်သည် ပုံဖျက်ထားသော တိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင်များကို အလေးပြုခဲ့ပြီး စစ်မြေပြင်ကွပ်ကဲရေးစခန်းမှ ကျည်အစစ်အသုံးပြုသည့် စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်မှုများကို ကြည့်ရှုခဲ့ကာ ၎င်း၏ဝဲယာတွင် ထိပ်တန်းစစ် ဗိုလ်ချုပ်ကြီးများက ခြံရံထားသည့် ဓာတ်ပုံများကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ကင်သည် တင့်ကားအမှုထမ်းများကို လှည့်လည်စစ်ဆေးပြီးနောက် ပင်မတိုက်ပွဲ ဝင်တင့်ကား အမျိုးအစားသစ် တစ်စီးပေါ်သို့တက်ကာ ယာဉ်မောင်းနေရာတွင်ထိုင်၍ ကိုယ်တိုင်မောင်းနှင်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

တောင်ကိုရီးယားနှင့် အမေရိကန်က Freedom Shield ဟုအမည်ရသည့် နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှု နောက်ဆုံးရက်တွင် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်က ကွန်ပျူတာဖန်တီးချက်များဖြင့် သဏ္ဌာန်တူ ဖန်တီးထားသည့် ကွပ်ကဲထိန်းချုပ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများနှင့် စစ်မြေပြင် လေ့ကျင့်ခန်းမျိုးစုံ ပါဝင်မည့် ၁၁ ရက်ကြာ Freedom Shield စစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်တွင် စတင်ခဲ့ပြီး မတ်လ ၁၄ ရက်တွင် ပြီးဆုံးခဲ့သည်။

Freedom Shileld  စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နှစ်ဖက်တပ်ဖွဲ့ဝင် အရေအတွက်သည် ယမန်နှစ်ထက် နှစ်ဆပိုများပြီး လေကြောင်းထိုးစစ်ဆင်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် လက်တွေ့ပူးတွဲ လေ့ကျင့်မှုအစီအစဉ် ၄၈ ခု ပါဝင်ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားသည်။ 

အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် စစ်ပွဲဆင်နွှဲနိုင်သည့် စွမ်းရည်များကို ပိုမိုအား ကောင်းအောင်လုပ်ဆောင်ရန် ကင်က ပြီးခဲ့သည့် သီတင်းပတ်တွင် တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း လက်ရှိပြုလုပ်နေသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်ဟုဆိုကာ စစ်ရေးအရ တုံ့ပြန်မည်ဟု သတိပေးထားသည်။

ထို့နောက် တောင်ကိုရီးယား၏မြို့တော်ကို တိုက်ခိုက်နိုင်စွမ်းရှိသည်ဆိုသော အကြီးစား အမြောက်ပစ်ခတ်မှု လေ့ကျင့်ခန်းကို ခေါင်းဆောင်ကင်ဂျုံအွန်က ကြီးကြပ်ခဲ့သည်ဟု မြောက်ကိုရီးယားက ကြေညာခဲ့သည်။

မြောက်ကိုရီးယား တောင်ကိုရီးယားနှင့် အမေရိကန်၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် ယခင်က လက်နက်စမ်းသပ်မှုများကို တန်ပြန်လုပ်ဆောင်လေ့ရှိသည်။

 ပင်မတိုက်ပွဲဝင်တင့်ကား အမျိုးအစားသစ်က အလွန်ကောင်းမွန်သည့် တိုက်ခိုက်ရေးစွမ်းရည်ကို အောင်မြင်စွာ လက်တွေ့ပြသနိုင်ခဲ့သည့်အပေါ် ကင်ကများစွာ ကျေနပ်အားရခဲ့သည်ဟု KCNA က ဆိုသည်။

ခေတ်သစ်စစ်ပွဲတွင် တင့်ကားအမှုထမ်းများ၏ တာဝန်နှင့် အခန်းကဏ္ဍ၏ အရေးပါပုံနှင့် လက်တွေ့စစ်ပွဲအသွင် ကျယ်ပြန့်သော စစ်ရေးလေ့ကျင့်မှုများကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ပုံတို့ကိုလည်း ကင်က အ လေးထားပြောဆိုခဲ့သည်။

မတ်လ ၁၃ ရက်က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ရှစ်သည် တောင်ကိုရီးယားစစ်တပ်၏ အထူးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်ခဲ့သည်။  Ref:AFP

Most Read

Most Recent