အမျိုးမျိုး အထွေထွေ အင်ဖလေးရှင်း

အမျိုးမျိုး အထွေထွေ အင်ဖလေးရှင်း
Published 28 April 2024
ရွှေသင် (MPP)

''အင်ဖလေးရှင်း ငွေကြေးဖောင်းပွ''

   ကုန်ပစ္စည်များ၊ ဝန်ဆောင်မှုများ ဈေးနှုန်းမြင့်တက်နေသည့် အင်ဖလေးရှင်းဝေဒနာကို အားလုံးနေ့စဉ်ရင်ဆိုင်နေကြရသည်။ အမြတ်ရရှိရေးဆီသို့ ဦးတည်နေသည့်  ထုတ်လုပ်သူ၊ ရောင်းချသူများသည် အကြောင်းအမျိုးမျိုးဖြင့် ဈေးနှုန်းမြှင့်တင်ရန် အမြဲတမ်းကြိုးစားနေကြလိမ့်မည်။ ဝယ်ယူစားသုံးသူများကလည်း မြင့်တက်လာသော ဈေးနှုန်းအပေါ် နေ့စဉ်နှင့်အမျှ ညည်းတွား၊ ဝေဖန်၊ အပြစ်တင်ပြောဆိုနေကြလိမ့်မည်။ 

     ဩစတြီးယန်း စီးပွားရေးကျောင်းထွက်များက အင်ဖလေးရှင်း (inflation) အသုံးအနှုန်းသည် ငွေကြေးပမာဏတိုးမြှင့်ခြင်းကို ရည်ညွှန်းသည်ဟု သဘောပေါက်ကြသည်။ အကျိုးဆက်ရလဒ်မှာ ကုန်စည်နှင့် ဝန်ဆောင်မှုများ စျေးတက်ခြင်း သို့မဟုတ် ငွေတန်ဖိုးကျဆင်းခြင်းဖြစ်ဟုလည်းဆိုသည်။ ခေတ်သစ် ကာလတွင် ဈေးနှုန်းများ မြင့်တက်လာခြင်းကို အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) ဟု ခေါ်နေကြကြောင်း  ဩဇာညောင်းသည့် ဩစတြီးယန်းစီးပွားရေးပညာရှင် လုဒွစ်ဗွန်မိစစ် (Ludwig von Mises) က ရေးသားထားသည်။ ဈေးနှုန်းမြင့်တက်မှုဖြစ်စေသည့် အကြောင်းရင်းကိုရှာ၍ အမည်၊ ဝေါဟာရအမျိုးမျိုး တီထွင်ဖန်တီးခေါ်ဝေါ်နေစေကာမူ ပြဿနာမရှိ။  အခေါ်အဝေါ်၊ ဝေါဟာရအရ ဈေးနှုန်းမြင့်တက်စေသည့် အခြေအနေကို စဉ်းစားရှာဖွေကြလိမ့်မည်။ ဈေးနှုန်းကျဆင်းရန်အတွက် မူ  မည်သို့မှ တတ်နိုင်ကြလိမ့်မည်မဟုတ်။ သေချာသည့်အချက်မှာမူ ဈေးနှုန်းမြင့်တက်မှုအပေါ် ပြစ်တင်စကားကို အားလုံးဆိုနေကြလိမ့်မည်။      

''အမျိုးမျိုးအထွေထွေ အခေါ်အဝေါ်''

    ဘလွန်းဘာ့ဒ် (Bloomberg) သတင်းဌာန၏ အာရှစီးပွားရေးရာ သတင်းဆိုင်ရာအကြီးအကဲ အန်ဒါကာရန် (Enda Curran) ဆိုသူက "ငွေကြေးဖောင်းပွမှုကာလကြာရှည်စွာ ဖြစ်ပေါ်နေမှုသည် စားသုံးသူများအား စိတ်အခြေအနေကို ဆိုးရွားစေပြီး အပြစ်တင်စကားပြောဖို့သာဖြစ်လာစေလိမ့်မည်ဟု သရုပ်ဖော်ရေးသားထားသည်။ အင်ဖလေးရှင်းဟူသော အသုံးအနှုန်းအမျိုးမျိုးကို မြင်တွေ့ရဖန်များလာလေလေ စားသုံးသူတို့သည် ဈေးနှုန်းကြီးမြင့်မှုကို ခံစားပြီးရင်းခံစားလျက် ငြီးငွေလာလေလေ ဖြစ်သည်ဟုဆိုသည်။ အန်ဒါကာရန်သည် ထိုသို့ရေးသားဖော်ပြလျက် စျေးနှုန်းတိုးမြင့်လာသောအခြေအနေနှင့်ပတ်သက်၍ ယနေ့ခေတ်သုံး ဝေါဟာရအချို့ကို အောက်ပါအတိုင်း စာရင်းပြုစုထားသည်ကိုတွေ့ရသည်။ 

 

''ရှရင့်ဖလေးရှင်း (Shrinkflation)''

    ထိုစကားလုံးသည်  နိုင်ငံတော် မိန့်ခွန်းမှာပင် အရေးတယူထည့်သွင်းပြောကြားခဲ့သည့် သမ္မတဂျိုးဘိုင်ဒင် အကြိုက်ဆုံးဝေါဟာရဖြစ်နေသည်။ အိမ်ဖြူတော်က တွစ်တာစာမျက်နှာ X တွင် "သမ္မတ Biden သည် ရှရင့်ဖလေးရှင်းရပ်တန့်ရန် ကုမ္ပဏီများအား တောင်းဆိုနေသည်" ဟု ပို့စ်တင်ထားသည်ဟုဆိုသည်။ ဈေးနှုန်းကြီးမြင့်လာသောကြောင့် စားသောက်ကုန်ပစ္စည်းများ၏ အရွယ်ပမဏာ သေးငယ်လာသည့်အတွက် ယခင်အရွယ်အစားအတိုင်းထုတ်လုပ်ရန် တောင်းဆိုခြင်းဖြစ်သည်။  

 

''ဒစ်ပ် ပရိုက်ဇင်း (Drip Pricing)''

     မျက်မြင်တွေ့ရသည့် သို့မဟုတ် ကနဦးသတင်းပေးထားသည့်ဈေးနှုန်းထက်ပိုသော အခြားသောအခကြေးငွေများ ထပ်ပေါင်းဖြည့်ထားသည့်ဈေးနှုန်းအခြေအနေဖြစ်သည်။ လေယာဉ်စီးသည့်အခါ ခရီးဆောင်အိတ်အတွက် ထပ်မံပိုပေးရသည့် အခငွေကြေးများ၊ ဟိုတယ်တစ်ခုတွင်တည်းခိုရာ၌ ကုန်ကျစရိတ်ဘေလ်တွင် အခြားသော အခငွေ၊ ကုန်ကျစရိတ်များ ထည့်ပေါင်းထည့်ထားခြင်းတို့ဖြစ်သည်။ စီမံဆောင်ရွက်ခ၊ ဝန်ဆောင်ခ သဘောပေးရခြင်းဖြစ်ပြီး ထိုငွေကြေးများကို Junk fee ခေါ်သည် ဟုဆိုသည်။ ထိုကိစ္စနှင့်ပတ်သက်၍လည်း သမ္မတဂျိုးဘိုင်ဒင်က  ယမန်နှစ် နိုင်ငံတော်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပြန်သည်။ ဥပမာ လုပ်ငန်းများ၊ ကုမ္ပဏီများသည် ဖောက်သည်များကို ဈေးနှုန်း၊ ကုန်ကျစရိတ်နှင့်ပတ်သက်၍  ပွင့်ပွင့်လင်းလင်းမသိမပေးဘဲ ဖုံးကွယ်သည့် သဘော မျိုးပြုလုပ်လျက် ဟိုတယ်မှထွက်ချိန်၊ဟိုတယ်ခရှင်းချိန်ရောက်မှ တောင်းဆိုခြင်း သို့မဟုတ် အားလုံးစာရင်းရှင်းချိန်ရောက်မှ ကုန်ကျထားသည့်စရိတ်အားလုံး (ထင်မှတ်မထားသည့် စရိတ်များပါ ထည့်သွင်းထားခြင်း) ကို တောင်းဆိုခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးသည် ဟိုတယ်တွင် တည်းခိုခဲ့သည့် ခရီးသည် သို့မဟုတ် ဖောက်သည်ဖြစ်သူ၏ ဦးခေါင်းကို သေနတ်ဖြင် ပစ်လိုက်သကဲ့သို့ပင်ဖြစ်သည်ဟု ဆိုသည်။ 

 

''ဂရိဒ်ဖလေးရှင်း (Greedflation)''

      ဂရိဒ်ဖလေးရှင်းသည် အရောင်းသမားများ အမြတ်အစွန်းအတွက် ပြုလုပ်သည့် ခေတ်မီလုပ်ဆောင်ချက်တစ်ခုဟုပင်ဆိုသည်။ အထူးသဖြင့် အရေးပေါ်အချိန်ကာလဖြစ်ပေါ်နေစဉ် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ (ဈေးကွက်ထဲတွင် ပြတ်လတ်နေသည့်ကုန်ပစ္စည်းများ) ကိုသင့်လျော်မှုမရှိသည့် အခြေအနေဖြင့် 

(လောဘဖြင့်) အကျိုးအမြတ်ပမာဏ မြင့်မြင့်မားမားရရှိစေရန် အကောင်အထည်ဖော်လုပ်ဆောင်ခြင်းဖြစ်သည်။ ရှားပါးနေချိန်တွင် ကုန်ပစ္စည်းများကို ခွဲတမ်းချခြင်း သို့မဟုတ် တန်းစီသည့်အခြေအနေမျိုးဖြင့် ခွဲဝေရောင်းချခြင်းမလုပ်ဘဲ စားသုံးသူတို့ ပိုမိုဆိုးရွားသောအခြေအနေရင်ဆိုင်ရစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု 

The Economist မဂ္ဂဇင်းတွင် ရေးသားဖော်ပြထားသည်။   

 

အိတ်ခ်ကျု ဖလေးရှင်း “(“Excuseflation )

     အိတ်ခ်ကျုဖလေးရှင်းသည်  လောဘကြောင့်ဖြစ်သော အင်ဖလေးရှင်း (ဂရိဖလေးရှင်း) နှင့် ဆင်တူသည်ဟုဆိုသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အချို့သောကုမ္ပဏီများသည် ဈေးနှုန်းမြှင့်တင်ခြင်းသည် မျှတမှုရှိသည်ဟု ဝယ်ယူစားသုံးသူများကို အကြောင်းအမျိုးမျိုးပြ၊ ဆင်ခြေပေး၊ ဇာတ်လမ်းဆင်လှည့်ဖြားကြသည်။ ထိုသို့ပြုလုပ်လျက် ၎င်းတို့၏အမြတ်အစွန်းချဲ့ထွင်မှုကို ဖုံးကွယ်ထားခြင်းဟု ဆွစ်ဇာလန်အခြေစိုက် မာလ်တီနေရှင်နယ်လ် ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ UBS AG မှ အကြီးတန်း စီးပွားရေးပညာရှင် ပေါဒိုနော်ဗန် (Paul Donovan) ၏ စာတမ်းတစ်စောင်ကို ကိုးကားကောက်နုတ်၍ အန်ဒါကာရန်က ပြောထားသည်။ 

''ဆဲလား အင်ဖလေးရှင်း( Sellers’ Inflation)''

        မက်ဆာချူးဆက်တက္ကသိုလ်မှ စီးပွားရေး လက်ထောက်ပါမောက္ခ Isabella Weber က ထိုဝေါဟာရကို အသုံးပြုဖူးသည်။ ၎င်းက ကော်ပိုရေးရှင်းကြီးများတွင် စျေးကွက်ပါဝါရှိသည်။ ၎င်းတို့သည်  “စျေးနှုန်းများ တိုးမြင့်ရန်နှင့် အမြတ်ပမာဏများများရယူရန် ရောင်းလိုအားပြဿနာကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချ လုပ်ဆောင်တတ်ကြသည်ဟုဆိုသည်။ 

''ဒစ်အင်ဖလေးရှင်း (Disinflation)'' 

    ဒစ်အင်ဖလေးရှင်း ဆိုသည်မှာ “ဈေနှုန်းမြင့်တက်မှုရှိနေသော်လည်း အနည်းငယ်သောပြောင်းလဲမှုသာရှိသည့် ဈေးနှုန်းအခြေအနေဖြစ်သည်။ 

''အင်မက်ခ်ယူလိတ်  ဒစ်အင်ဖလေးရှင်း (Immaculate disinflation)''

    သန့်သန့်စင်စင် သပ်သပ်ရပ်ရပ် ဒစ်အင်ဖလေးရှင်းဟုပြောနိုင်မည်ထင်သည်။ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွှန်းပါဝဲလ် (Jerome Powell) အပါအဝင် ဗဟိုဘဏ် အုပ်ချုပ်ရေးအဖွဲ့ဝင် စီးပွားရေးပညာရှင်များသည် “အလုပ်သမားများ အလုပ်ပြုတ်သွားခြင်းများမရှိဘဲ စျေးနှုန်းများကို ထိန်းချုပ်နိုင်စေသည်ဟူသော   အကောင်းမြင်ယူဆချက်ဖြစ်သည်ဟု အန်ဒါကာရန် (Enda Curran) က ဆိုသည်။ ဗဟိုဘဏ်သည် ငွေကြေးလည်ပတ်မှု လျင်မြန်အောင် သို့မဟုတ် နှေးကွေးအောင် ဖန်တီးလုပ်ဆောင်နိုင်သည်ဟုလည်း လက်ခံထားသည်။    

''အစိုးရသာ တာဝန်အရှိဆုံး''

    စီးပွားရေးပညာရှင် မာရေး ရော့သ်ဘာ့ဒ် (Murray Rothbard:1926-1995) က  အင်ဖလေးရှင်းသည် နေရာတိုင်းမှရောက်လာပြီး အမြဲတမ်းဖြစ်နေသည်  ဟု ရှင်းပြခဲ့ဖူးသည်။ အင်ဖလေးရှင်း၏ မှားယွင်းမှုမှာ စီးပွားရေးလုပ်ငန်းများ၏ လက်ဝါးကြီးအုပ်ခြင်းကြောင့်မဟုတ်။ အုပ်စုဖွဲ့ ညီညီညွတ်ညွတ်ဖြင့် လုပ်ခြင်းကြောင့် လည်းမဟုတ်။ ဈေးကစားသူများကြောင့်လည်းမဟုတ်၊ စားသုံးသူများ၏ “လောဘဇော” ကြောင့်လည်း မဟုတ်ပေ။ အစိုးရကိုယ်တိုင်က ဥပဒေနှင့်အညီ ဟန်ဆောင်ပြုလုပ်မှုများ  (ထုတ်လုပ်မှုတိုးတက်နှုန်းနှင့် မလျော်ညီသော ငွေကြေးထုတ်ဝေမှု) လုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြထားသည်။ အစိုးရသည် ငွေအသစ်ဖန်တီး နိုင်သည့်  တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။ အဆိုပါလုပ်ကိုင်ခွင်ပါဝါကို ဆက်လက် အသုံးပြုနေသည့်ကာလ တောက်လျှောက်အားလုံးသည် အင်ဖလေးရှင်ဝေဒနာကို ဆက်လက်ခံစားနေကြရ လမ့်မည်ဟုဆိုသည်။   

''အင်ဖလေးရှင်း မြန်မာဘာသာဖြင့်  ငွေကြေးဖောင်းပွမှု'' 

    ထပ်ဆင့်ပွားများလာသည့် အခေါ်အဝေါ်အမျိုးမျိုးဖြင့် မည်သို့ပင် အမည်တပ်တပ်၊ ဈေးနှုန်းမြင့်မားလာခြင်းသည်သာဖြစ်သည်။ အစိုးရတစ်ရပ်၏ လူမသိသူမသိ၊  တိတ်တဆိတ် အခွန်ကောက်ခံ စည်းကြပ်သည့် သဘောထက် မပိုပေ။    

    

Ref: www.euraisareview.com 

 

Most Read

Most Recent