ဒေါ်လာဘီလျံနှင့်ချီ လိမ်လည်ခဲ့မှုအတွက် ဗီယက်နမ် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးတစ်ဦး သေဒဏ် ချမှတ်ခံရ 

ဒေါ်လာဘီလျံနှင့်ချီ လိမ်လည်ခဲ့မှုအတွက် ဗီယက်နမ် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးတစ်ဦး သေဒဏ် ချမှတ်ခံရ 
Published 12 April 2024

ဗီယက်နမ်နိုင်ငံသမိုင်းတွင် အကြီးမားဆုံး အကျင့်ပျက်ခြစားမှုများထဲမှ တစ်ခုအဖြစ် ဒေါ်လာ ၂၇ ဘီလျံ အလိမ်ခံခဲ့ရသည့် အမှုအတွက် ကျူးလွန်သူ အိမ်ခြံမြေလုပ်ငန်းရှင်အမျိုးသမီး ကျူးမီလန်ကို ဧပြီ ၁၁ ရက် ကြားနာမှုတွင် သေဒဏ် ချမှတ်လိုက်သည်။

ဗန်သီဖတ် အိမ်ခြံမြေလုပ်ငန်း၏ ဥက္ကဋ္ဌ ကျူးမီလန်သည် Saigon Commercial Bank (ဆိုင်ဂွန်စီးပွားရေးဘဏ်)မှ ငွေများကို ၁၀ စုနှစ်တစ်ခုကျော် လိမ်လည် ရယူခဲ့မှုဖြင့် ပြစ်မှု ထင်ရှားခဲ့ပြီး ၎င်းဘက်မှတင်ပြသည့် ချေပချက်အားလုံးကို တရားသူကြီးအဖွဲ့က ပယ်ချခဲ့သည်။

ဟိုချီမင်းမြို့တွင်ပြုလုပ်သည့် အဆိုပါတရားခွင်၌ တရားခံကျူးမီလန်၏လုပ်ရပ်များသည် ကွန်မြူနစ်ပါတီနှင့် နိုင်ငံ၏ခေါင်းဆောင်များအပေါ် ထားရှိသည့် လူထု၏ယုံကြည်မှုကို လျော့စေသည်ဟု စီရင်ချက်တွင်ဖတ်ပြသွားသည်။

သီတင်းပတ်ငါးပတ်ကြာ အမှုစစ်ဆေးပြီးနောက် အခြားအပြစ်ရှိသူ ၈၅ ဦးကိုလည်း လာဘ်ပေးလာဘ်ယူမှု ၊ အာဏာအလွဲသုံးစားလုပ်မှု ၊ ဘဏ်လုပ်ငန်းဥပဒေချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ်အသီးသီးချခဲ့ပြီး လေးဦးက ထောင်တစ်သက်တစ်ကျွန်းကျကာ ကျန်လူများက နှစ်ရှည်ထောင်ဒဏ်များကျခဲ့သည်။

ကျူးမီလန်၏ခင်ပွန်း ဟောင်ကောင်ဘီလျံနာ အဲရစ်ချုနက်ကီမှာ ထောင်ကိုးနှစ် ချခံရသည်။

လန် အလွဲသုံးစားလုပ်ခဲ့သည့်ငွေပမာဏက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံဖြစ်သော်လည်း၊ ယခုအခါ အဆိုပါလိမ်လည်မှုကြောင့် စုစုပေါင်းနစ်နာဆုံးရှုံးရမှုတန်ဖိုးက ၂၇ ဘီလျံနှင့်ညီသည်ဟု အစိုးရရှေ့နေများကပြောသည်။တရားရုံးက လန်ကို နစ်နာကြေးအကုန်နီးပါး ပေးဆောင်ရန်လည်း အမိန့်ချလိုက်သည်။

ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် ကွပ်မျက်မှု အလုပ်ဆုံး နိုင်ငံဖြစ်သော်လည်း ယခုကဲ့သို့အမှုအခင်းမျိုးတွင် သေဒဏ်ပေးလိုက်ခြင်းက ရှားရှားပါးပါးဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အမ်နက်စတီကပြောသည်။

ကျူးမီလန်သည် ဆိုင်ဂွန်စီးပွားရေးဘဏ်မှ ငွေများထုတ်ရန် ချေးငွေလျှောက်ထားမှု အတုများလုပ်ဆောင်ခဲ့သည်။ အဆိုပါမသမာမှု အရှုပ်တော်ပုံအတွင်း လူပေါင်း ၄၂,၀၀၀ ဝန်းကျင် သားကောင်ဖြစ်ခဲ့သည်ကို ရဲတပ်ဖွဲ့ကဖော်ထုတ်တွေ့ခဲ့ရသည်။ လန်ပိုင်ဆိုင်သည့် အိမ်ခြံမြေ   ၁,၀၀၀ ကျော်ကိုလည်း အာဏာပိုင်များက သိမ်းယူလိုက်သည်။

ဘဏ်၏လုပ်ရပ်များကိုဖုံးရန် လန်နှင့် ဘဏ်လုပ်ငန်းရှင်အချို့က အစိုးရအရာရှိများကို ဒေါ်လာ ၅ ဒသမ ၂ သန်း လာဘ်ထိုးခဲ့ပြီး ဗီယက်နမ်၏အကြီးဆုံးလာဘ်ထိုးမှုကြီးဖြစ်ခဲ့သည်။

Ref:AFP

Most Read

Most Recent