အမေရိကန်က ဖိအားပေးခြင်းကြောင့် ဂါဇာကို စားနပ်ရိက္ခာများ ပို့မည့်လမ်းကြောင်းများ ယာယီဖွင့်ပေးမည်ဟု အစ္စရေး ကြေညာ

အမေရိကန်က ဖိအားပေးခြင်းကြောင့် ဂါဇာကို စားနပ်ရိက္ခာများ ပို့မည့်လမ်းကြောင်းများ ယာယီဖွင့်ပေးမည်ဟု အစ္စရေး ကြေညာ
အစားအသောက်များ ဖြန့်ဖြူးပေးရာနေရာ၌ ပါလက်စတိုင်းသားများ စုပြုံတိုးနေပုံကို  ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ရစဉ် (Photo: AFP)
အစားအသောက်များ ဖြန့်ဖြူးပေးရာနေရာ၌ ပါလက်စတိုင်းသားများ စုပြုံတိုးနေပုံကို  ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ရစဉ် (Photo: AFP)
Published 5 April 2024

ငတ်မွတ်ခြင်းဘေးကြီး ခြိမ်းခြောက်လျက်ရှိသော ဂါဇာမြောက်ပိုင်းသို့ ယာယီအကူအညီ ပို့ဆောင်မှုများကို ခွင့်ပြုသွားမည်ဟု ဧပြီ ၅ ရက်တွင် အစ္စရေးက ကြေညာခဲ့ရာ ဂါဇာစစ်ပွဲနှင့်စပ်လျဉ်း၍ အစ္စရေးအနေဖြင့် မူဝါဒ အမြန်ပြောင်းလဲရမည်ဟု အမေရိကန်ပြည်ထောင်စုက သတိပေးခဲ့ပြီးနောက် နာရီပိုင်းအတွင်း အစ္စရေးက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဧပြီ ၅ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုတို့ မိနစ် ၃၀ ကြာဖုန်းဖြင့် စကားပြောဆိုရာတွင် အစ္စရေးနှင့်သက်ဆိုင်သော အမေရိကန်မူဝါဒသည် ဂါဇာတွင် အရပ်သားများနှင့် အန်ဂျီအိုလုပ်သားများကို အကာအကွယ်ပေးမှုအပေါ်တွင် မူတည်နေသည်ဟု ဂျိုးဘိုင်ဒင်ကပြောကြားခဲ့သည်။ အစ္စရေးအတွက်အမေရိကန်၏စစ်ရေး အကူအညီနှင့်ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရာ အခြေအနေများကို သမ္မတဂျိုးဘိုင်ဒင်က ပထမဆုံးအကြိမ် အရိပ်အမြွက်ပြောဆိုခဲ့သည်။

ပိတ်ဆို့ခံထားရသော ဂါဇာသို့နောက်ထပ်စားနပ်ရိက္ခာပို့ဆောင်သော လမ်းကြောင်းများဖွင့်ပေးသွားမည်ဟု ၎င်းတို့နှစ်ဦး ဖုန်းစကားပြောပြီးနောက် နာရီပိုင်းအကြာ ဂျေရုဆလင်၌ ညကြီးမင်းကြီးအချိန်တွင် အစ္စရေးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

စားနပ်ရိက္ခာယာယီပို့ဆောင်ရေးလမ်းကြောင်းများကို အက်ရှ်ဒေါ့ဆိပ်ကမ်း၊ အာရက်ဇ်ဂိတ်တို့မှတစ်ဆင့် တရားဝင်လုပ်ဆောင်နိုင်သည်ဟု အစ္စရေး၏စစ်ကော်မတီက ပြောကြားခဲ့သည်။ ထို့အပြင် ခါရမ်ရှာလွန် ဂိတ်တွင်လည်း အိမ်နီးချင်းဂျော်ဒန်မှစားနပ်ရိက္ခာပိုမိုပို့ဆောင်ခြင်းများကို လုပ်ဆောင်နိုင်သည်ဟု နေတန်ယာဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။

အစ္စရေး၏ဆောင်ရွက်ချက်များကို အိမ်ဖြူတော်က လျင်မြန်စွာ ကြိုဆိုလိုက်သည်။ သမ္မတ၏ မေတ္တာရပ်ခံချက်အရ ယင်းသို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်ကပြောကြားခဲ့ပြီး ယခုအခါ ၎င်းတို့ကို ပြည့်ဝစွာအကောင်အထည်ဖော်ရမည်ဖြစ်ကာ လျင်မြန်စွာ အကောင်အထည်ဖော်ရမည်ဟု ပြောကြားခဲ့သည်။

အစ္စရေးသည် ဟားမာ့စ်နှင့်ဖြစ်ပွားသည့် ခြောက်လကြာစစ်ပွဲတွင် အရပ်သားသေဆုံးမှု များပြားနေသည့်ကိစ္စအတွက် နိုင်ငံတကာဖိအားပေးမှုများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် အစ္စရေး၏အဓိက မဟာမိတ်အမေရိကန်၏ဖိအားပေးမှုများကို အစ္စရေးပိုမိုရင်ဆိုင်နေရသည်။

စစ်ပွဲ ဖြစ်ပွားစေခဲ့သည့် အကြောင်းအရင်းဖြစ်သည့် အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ပွားပြီးကတည်းက အစ္စရေး၏ လက်တုံ့ပြန်မှုကြောင့် ဂါဇာတွင် အနည်းဆုံးလူ ၃၃,၀၃၇ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်အုပ် ချုပ်နေသော ဂါဇာ၏ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ထို့အပြင် ဂါဇာ၌ ဆိုးရွားသည့် အငတ်ဘေးကျနေရာနေပြီဟူသော သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သည်။

ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းပြည်သူများသည် ဇန်နဝါရီကတည်းက တစ်ရက်ကို ပျမ်းမျှ ၂၄၅ ကယ်လိုရီမျှဖြင့် အသက်ဆက်နေကြရသည်ဟု အောက်စ်ဖန်းက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည် တစ်ရက်ကို ပဲဘူးတစ်ဘူးဖြင့် အသက်ဆက်နေကြရခြင်းဖြစ်သည်ဟု ဆိုသည်။

ဂါဇာအတွက် ရည်ရွယ်သော အကူအ ညီများကို ပိတ်ဆို့ထားခြင်းသည် အကျင့်သိက္ခာပိုင်းဆိုင်ရာ ရက်စက်မှုဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်အန်တိုနီယိုဂူတာ ရက်စ်က ပြောကြားခဲ့ဖူးသည်။

အစ္စရေးနှင့်ဟားမာ့စ်ဖြစ်ပွားနေသော စစ်ပွဲသည် အချိန်ခြောက်လရှိလာချိန်တွင် ဂါဇာကမ်းမြောင်သည် ရုပ်ပျက်ဆင်းပျက်ဖြစ်လျက်ရှိပြီး လှူဒါန်းထားသည့် အကူအညီများသည် အီဂျစ်မြောက်ပိုင်းဆင်နိုင်းတွင် စုပုံလျက်ရှိသည်။ ထိုအထဲက အကူအညီ ပမာဏအနည်းငယ်ကိုသာ အီဂျစ်၏ ရာဖာ နယ်စပ်ဖြတ်သန်းရေးဂိတ်မှလည်းကောင်း၊ ခါရမ်ရှာလွန် အစ္စရေးနယ်စပ်ဂိတ်မှ လည်းကောင်းပေးပို့ထားသည်။

Ref: AFP

Most Read

Most Recent